ကြင်စဦးလင်မယားတွေ အချစ်ပိုစေဖို့ Romantic လဲဆန်၊ စိတ်ချမ်းသာဖို့လဲကောင်းတဲ့နေရာလေးတွေ။

၁။ FIJI ကျွန်းစုနိုင်ငံ

စိမ်းလန်းလှတဲ့ ဧဒင်ဥယျာဉ်ထဲကို နင်းလျှောက်ဝင်လိုက်ရသလို ခံစားကြည့်လိုက်ပါ။ ပြိုးပြက်လင်းလက်တဲ့ ရေပြင်တွေဝန်းရံထားတဲ့ ထူးခြားဆန်းပြား နေရာတစ်ခု။ အသက်ရှုမှားလောက်အောင် အမြင်ဆန်းပြားတဲ့ ကျောက်ဆောင်တွေနဲ့အတူ ပင်လယ်ကမ်းခြေနားက သီးသန့် ဘန်ဂလိုလေးတွေဟာ နတ်ဘုံနတ်နန်းအလား ထင်မှတ်မှား ယုံကြည်မိမှာပဲ ဖြစ်ပါတယ်။

သန့်စင်လှတဲ့ ရေကြောင့် ရေအောက်မှာ ကြည်ကြည်လင်လင် တွေ့မြင်နိုင်ပြီး သန္တာကျောက်တန်းတည်ရှိမှုက Snorkeling လုပ်ဖို့ အသင့်တော်ဆုံးပါ။ Bouma ရေတံခွန်တည်ရှိပြီး ဥယျာဉ်ကျွန်းလို့ လူသိများတဲ့ Taveuni ကျွန်း၊ မီးတောင်သေပေါက်ဝတစ်ခုဖြစ်တဲ့ ရေပြာအိုင်ရှိရာ Beqa ကျွန်း ၊ စိတ်ကူးယဉ်အိပ်မက် နေရာအဖြစ် ထင်ရှားတဲ့ Turtle ကျွန်းတွေကို သွားရောက်လည်ပတ်နိုင်ပြီး Skydiving ၊ လှိုင်းစီး ၊ ဖောင်စီး စတာတွေကို ပြုလုပ်နိုင်ပါတယ်။

၂။ ARUBA ကျွန်းနိုင်ငံ

နွေးထွေးတဲ့ နေရောင်ခြည်နဲ့အတူ ပျော်ရွှင်ဖို့အတွက်ဆိုရင်တော့ Aruba ဟာ အသွားသင့်ဆုံးနေရာတစ်ခုပါ။ အသင့်တင့်ဆုံး ရာသီဥတုနဲ့အတူ လှပတဲ့ ကမ်းခြေတွေ၊ ကောင်းမွန်လှတဲ့ ဝန်ဆောင်မှုတွေကို ရရှိနိုင်ပြီး စိတ်ကြိုက်အရသာတွေ့စေမယ့် စားတော်ဆက်တွေ ၊ ညကလပ်တွေနဲ့ ကာစီနို်တွေဟာ ချေးများတတ်သူတွေ အတွက်တောင် နှစ်သက်မှုရရှိစေမှာပါ။ နေ့ဘက်မှာ အနားယူ အပန်းဖြေ ၊ ညဘက်မှ ပါတီပွဲတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာတွေ လုပ်ဆောင်ဖို့ဆိုတာ Aruba ရဲ့ ပုံစံပါ။

အရသာခံစားမှုတိုင်းအတွက် ကျေနပ်မှုရစေမယ့် အစားအသောက်ဆိုင်ရာ အတွေ့အကြုံတွေ ၊ Bubali ငှက်ဘေးမဲ့ဇုန် ၊ သမိုင်းဝင် ဒတ်ချ်မြို့တော်ဖြစ်တဲ့ Oranjestad ၊ လေးဘီးကား ငှားရမ်းပြီး ကိုယ်တိုင်မောင်းနှင် လည်ပတ် ကြည့်ရှုနိုင်တဲ့ ကြည့်ရှုစရာနေရာတွေဟာ Aruba မှာ နာမည်ကျော်ပါတယ်။

၃။ ITALY

စိတ်ကူးယဉ်အိပ်မက်ဆန် ပျားရည်ဆမ်းခရီးအတွက် အီတလီကို ချန်ထားလို့ မဖြစ်တာတော့ အသေအချာပါပဲ။ ကျောက်စရစ်လမ်းတွေ ၊ ရှေးကျလှတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ စားသောက်ဆိုင်ငယ်လေးတွေကို ပျားရည်ဆမ်းခရီးထွက် မင်္ဂလာမောင်နှံတွေ နှစ်သက်သဘောကျပြီးရင်း ကျရင်းပဲ ဖြစ်နေပါလိမ့်မယ်။ အီတလီရဲ့ ဘယ်နေရာကိုပဲ သွားသွား လရောင်ဆမ်း လမ်းလျှောက်မှု၊ ချိုမြိန်လှတဲ့ စားဖွယ်တွေ ၊ အံသြလောက်စရာ အနုပညာများနဲ့ ပြတိုက်တွေ ၊ ကောင်းမွန်လှတဲ့ ဝိုင်များကို တွေ့ကြုံခံစားနိုင်မှာပါ။

ပြဇာတ်ပမာ ထင်မှတ်သားခဲ့ရတဲ့ Rome ၊ စိတ်ကူးယဉ်ဆန်ပတ်ဝန်းကျင်နဲ့ Venice ၊ နေကြာပန်းတွေ အလိပ်လိပ်နဲ့ Tuscany ၊ ပန်းယဉ်ကျေးမှုနဲ့တူ စျေးဝယ်ထွက်ဖို့ အကောင်းဆုံး Florence ၊ ရင်သပ် ရှုမောဖွယ်ရာ ရေကန်နဲ့ တောင်တန်းတွေရှိတဲ့ Lake Como စသည်ဖြင့် ရွေးချယ်သွားစရာတွေ များပြား လွန်းလှပါတယ်။ စက်ဘီးခရီးစဉ်တွေ ၊ ဝိုင်မြည်းစမ်းမှု ၊ AMalfi ကမ်းရိုးတန်းက မြင်ကွင်း ၊ Ostia ပန်းခြေမှာ အနားယူမှုတွေကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။

၄။ BORA BORA

မြစိမ်းရောင်ရေသာ ဝန်းရံထားပြီး အပြစ်ပြောစရာမရှိ ဖြူလွလွသဲပြင်နဲ့ Bora Bora ဟာ စိတ်ကူးယဉ်အိပ်မက် တွေရဲ့ အလယ်ဗဟိုချက်တစ်ခုလို့ စာဖွဲ့ရမယ့် နေရာတစ်ခုပါ။ အထက်တန်းကျ ဇိမ်ခံအပန်းဖြေစခန်းတွေကို ကျွန်းတစ်လျှောက် အချက်အချာနေရာတွေမှာ တွေ့ရှိရမှာဖြစ်ပြီး ရေပေါ်ဘန်ဂလိုတွေ ၊ သက်ကယ်မိုးအိမ်ခြေ များနဲ့ ဒဏ္ဍာရီဆန်ဆန် ပတ်ဝန်းကျင်ဟာ Bora Bora ကို ကမ္ဘာ့အလှဆုံးကျွန်းတွေထဲမှာ ပါဝင်စေခဲ့ပါတယ်။

လောင်းလှေနဲ့ ရေပြာအိုင်ကို လည်ပတ်ကြည့်ရှုမှု ၊ ရွက်လှေများရဲ့ အပေါ်မှာ ရှန်ပိန်သောက်မှု ၊ ရေလှိုင်းစီး ဂျက်စကီးတွေ ၊ ကြည်နူးလွမ်းဆွတ်ဖွယ်ရာ နေဝင်ချိန်မြင်ကွင်းတွေနဲ့ ပြင်သစ်ပိုလီနီးရှန်း စားဖွယ်ဟင်းလျာ ရရှိတဲ့ La Villa Mahana တွေဟာ Bora Bora ရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေပါပဲ။ Hiking လုပ်ခြင်း ဒါမှမဟုတ် 4x4 ကားငှားပြီး လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်နိုင်ပါတယ်။

၅။ Greece

လူသိအများဆုံး နာမည်အကျော်ဆုံး ဒဏ္ဍာရီများပိုင်ရှင် ဂရိဟာ ပူပြင်းတဲ့ နေ ၊ နွေးထွေးတဲ့ ပင်လယ်နဲ့ အမျိုးမတူ ပုံစံကွဲပြားတဲ့ မြေမျက်နှာသွင်ပြင်တွေ ရှိပါတယ်။ ပျော်ရွှင်ဖွယ်ရာ အမြောက်အမြား ၊ ဒဏ္ဍာရီဝင် နေရာအများအပြားနဲ့ ဂရိဟာ ကမ္တာတစ်ဝှမ်းက မောင်နှံတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ ဆန္ဒအရှိကြဆုံး နေရာတစ်ခုပါ။ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများနဲ့ Mykonos ၊ Santorini ကျွန်းတွေဟာ သီးသန့်ကိုယ်ပိုင် ထူးခြားတဲ့ စရိုက်လက္ခဏာတွေ အပြည့်အဝရှိုပါတယ်။

နာမည်ကျော် လူကြိုက်များလွန်းတဲ့အတွက် ဂရိကို သွားဖို့ဆို ဘယ်လိုပုံစံ သွားမလဲ ၊ လည်ပတ်မလဲဆိုတာ စဉ်းစားဖို့ကို မလိုအောင် အစီအစဉ်ပုံစံ အမျိုးမျိုးကို ခရီးသွားအေဂျင်စီတွေကနေ ဆောင်ရွယ်ပေးထားပြီး ကိုယ့်စိတ်ကြိုက်ပုံစံ ရွေးချယ်နိုင်ပါတယ်။ Athens ရဲ့ ညပိုင်းလူနေမှုဘဝပုံစံ ၊ Santorini က နာမည်ကျော် သဲသောင်နီ ၊ ဂရိမြို့ဟောင်းနေရာက Acropolis ၊ Sounion ကျွန်းဆွယ်က နေဝင်ချိန် ၊ ဥရောပရဲ့ရှေးအကျဆုံး မြို့လို့ သတ်မှတ်ကြတဲ့ Knossos တွေကို လည်ပတ်ကြည့်ရှုနိုင်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။