လူကြမ်းတွေရဲ့ ဘဝ ဖြစ်ရပ်အမှန်

ဘဝကြမ်းကြမ်း လူကြမ်းမင်းသားဘဝ ဖတ်ကြည့်မျက်ရည်တောင်ကျတယ် ပရိသတ်ကြီး

ထောက်ကြန့်မြို့ ရပ်ကွက်တစ်ခုရဲ့ လမ်းသွယ်လေးတစ်ခုအတွင်းရှိ မြေစိုက်အုတ်ခံတစ်ထပ် အိမ်လေးရှေ့ထိုင်ခုံလေးပေါ်မှာ ကုန်ပစ္စည်းကြော် ငြာပါတဲ့ တီရှပ်နဲ့ အနီရောင်ဘောင်းဘီတို ဝတ်ဆင်ထားတဲ့ အသက် ၅၀ ကျော်အရွယ် လူတစ်ဦးထိုင်နေပါတယ်။ သူ့ဘေးမှာတော့ အနက်ရောင်ဖုန်းအသေးစား လေးတစ်လုံးနဲ့အတူ ချိုင်းထောက်တစ်ခုက ရှိတယ်။

သူ့ပုံစံက အသားက ခပ်ဖြူဖြူ၊ ခန္ဓာကိုယ်က ပြည့်ဖြိုးဖြိုးနဲ့ အရင်က တုတ်ခိုင် သန်မာတဲ့ သူ့လက်နှစ်ဖက်မှာ စာတန်းပါ တဲ့ ဆေးမင်ကြောင်တွေဟာ ဟိုနေရာ၊ သည်နေရာနဲ့ နေရာအနှံ့အပြား ယူထားပါတယ်။ အရင်ကသန်မာဟန်ရှိတဲ့ သူ့လက်၊ ပေါင်တံနဲ့ ခြေသလုံးတွေမှာ အသားတွေလျာ့ရဲပြီး တွဲကျနေပါတယ်။

နေရောင်ကြောင့် မျက်နှာပြင်က အသားအရေဟာ နီစပ်စပ်ဖြစ်နေပြီး နှုတ်ခမ်းမွေးတွေက ထိုးထိုးထောင်ထောင်နဲ့ ဟိုတစ်စသည်တစ်စ။ ရင့်ကျက်ဟန်ရှိ နေတဲ့ မျက်နှာဟာ အနည်းငယ်ခက်ထန် နေသလိုလိုနဲ့ အနီရောင်ဘက်သန်းနေတဲ့ သူ့ မျက်စိအရောင်ကြောင့် ရုတ်တရက် သူ့ ကို မြင်လိုက်ရတဲ့သူတချို့က သူ့ကို ခေါ် နေကျ နာမည်က ‘ဟယ်လူယုတ်မာကြီး”တဲ့ ။

သူ့နာမည်က “ဦးမင်းစိန်” လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အချိန်တုန်းက ရုပ်ရှင်၊ ဗီဒီယိုနဲ့ တီဗီဖန်သားပြင်တွေပေါ်မှာ နေရာရခဲ့သူ။ လူဆိုး၊ လူမိုက်၊ ဓားပြ၊ လူသတ်ကောင်၊ မူးယစ်ဂိုဏ်းစတား၊ အ မျိုးသမီးတွေကို အဓမ္မကျင့်သူ နေရာတွေမှာ ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သူ။

သူရိုက်ခဲ့တဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၁ဝဝဝ ဝန်းကျင်ရှိတယ် လို့ သူက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ဦးမင်းစိန်အပါအဝင် လူကြမ်း ၁ဝဝ ခန့်ဟာ ဇာတ်ကားတွေ မရိုက်ရတော့ဘဲ မိသားစုဝမ်းရေးအတွက် ကြုံရာကျပန်း အလုပ်ကို လုပ်ကိုင်နေရတာပါ။

အရင်ကလို ဇာတ်ကားတွေ အများအပြားမရိုက်ရတော့ပေမဲ့ သူ့လို ဘဝတူတွေထက်စာရင် သူက ရိုက်ကူးမှုတွေရှိနေသေးတဲ့အတွက် ကံကောင်းတယ် ပြော ရမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဦးမင်းစိန်ဟာ အရင်က ဖိုက်တင်ကားတွေ၊ အသတ်အပုတ် ကားတွေနဲ့ ကြမ်းကြမ်းရမ်းရမ်း သရုပ် ဆောင်ရင်းရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ထောက်ကြန့်မှာ သုံးဘီးဆိုင်ကယ်မောင်းသမားဘဝနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်း ပေးနေရပေမဲ့ တစ်ခါတစ်ရံ လူကြမ်းနေ ရာက သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာရင် ရိုက်ကူးနေရသေးတယ်လို့ ပြောပြပါ တယ်။

“ခြေထောက်ကလဲ သိပ်မကောင်း တော့လို့ အရင်လို ကြမ်းတမ်းတဲ့နေရာက မဟုတ်ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး ညွှန်ကြား ရတဲ့ လူဆိုးဆရာကြီးနေရာက သရုပ် ဆောင်ရတာတော့ ရှိသေးတယ်၊ ဒါလဲ သုံးလလောက်မှ တစ်ခါပါ”

သူ့ရဲ့ လက်ရှိဝင်ငွေဟာ တစ်နေ့ကို ကျပ် ၂ဝဝဝ ကနေ ၁၀,ဝဝဝ ကျော် အထိ ရှိနေတယ်ဆိုပေမဲ့ သုံးဘီး ဆိုင်ကယ် မဆွဲရတဲ့နေ့တွေလည်း ရှိနေတတ်ပါတယ်။

‘ရေခဲသေတ္တာလေးသယ်ချင်လို့ လာ ငှားတယ်ဆိုရင် ၂ဝဝဝ၊ ၃ဝဝဝ လောက် ရတယ်၊ ဈေးဦးမပေါက်တဲ့နေ့တွေလဲ ရှိသေးတယ်၊ ဆိုင်ကယ် စမောင်းတုန်းက လူတွေက ဦးမင်းစိန်ကြီး ရုပ်ရှင် ရိုက်နေ တာလားဆိုပြီး မေးကြတာ၊ လောလောဆယ် ဒီလိုပဲ ဖြေရှင်းနေရတယ်˘ လို့ သူက တစ်လုံးချင်းပြောပြပါတယ်။

သူ့ဘဝအကြောင်း ပြောပြနေရင်း သူ့ အသံဟာ တစ်ခါတစ်ခါတုန်နေတတ်ပြီး မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေတတ်ပါတယ်။

ဒဏ်ရာဗရပွ

လက်ရှိအချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးရင်းရခဲ့တဲ့ ဒဏ်ရာတွေအဖြစ် ဘယ်ဘက်ဒူးဆစ်ပြုတ်ထွက်တဲ့ ဒဏ်ရာ၊ မြင်း ပေါ်က ပြုတ်ကျလို့ရခဲ့တဲ့ ခါးနောက် ကျော ရိုး ဒဏ် ရာ၊ မင်းသားနေရာ လူစားထိုးပြီး ကျွမ်း ထိုးတဲ့ အခန်းကြောင့် ရရှိတဲ့ ဒဏ်ရာတွေနဲ့ ပြည့်နေပါတယ်။

အရင်က လူကြမ်းနေရာ သရုပ် ဆောင်ဖို့ ရှုတင်ရှိရာနေရာ သုံးလေးခုကို အပြေးအလွှာသွားရောက်ပြီး ရိုက်ကူးခဲ့ ရပေမဲ့ လက်ရှိအချိန်မှာတော့ တစ်လနေလို့ တစ်ခါတောင် မရိုက်ရတော့ဘူးလို့ သူက ရှင်းပြပါတယ်။

ဟိုအရင်အချိန်က သူ့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုကြောင့် ပရိသတ်တွေက သူ့ကိုမြင်တိုင်း လန့်ပြီးပြေးသူ၊ ဇာတ်ကား ထဲကအတိုင်းပဲ အပြင်မှာ မြင်နေကြတုန်းပဲလို့ သူက အဓိပာယ်ပါတဲ့ အပြုံးနဲ့ ပြုံးနေပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ပြင်ဦးလွင်မှာ ရုပ်ရှင်ရိုက်ရင်း မြို့ထဲကို ဦးမင်းစိန်နဲ့ ဟာသသရုပ်ဆောင်ကင်းကောင်တို့ နှစ်ဦးလျှောက်လည်နေကြရင်းတစ်နေရာအရောက်မှာအမျိုးသမီးပရိသတ်နှစ်ဦးသူတို့ရှိရာနေရာကို ပြေးလာပါတယ်။

ဟာသ သရုပ်ဆောင် ကင်းကောင်ကို ပြုံးရွှင်ရယ်မောနှုတ်ဆက်ပြီး ဘေးမှာရှိနေတဲ့ သူ့ကို မြင်တော့ အလန့်တကြားနဲ့ “ဟယ် လူယုတ်မာကြီး မသေသေးဘူး လား” ဆိုတဲ့ ပြောဆိုမှုဒဏ်တွေ မကြာခဏခံခဲ့ရဖူးတယ်လို့ ပြန်ပြောပြပါတယ်။

‘အားရပါးရကို ပြောတာ၊ သေချင်းဆိုးကြီး၊ လူယုတ်မာကြီး၊ ကိုယ်ကတော့ ပြုံးပြီးကြည့်နေရတယ်၊ ငါက ရုပ်ရှင်ထဲက လူယုတ်မာပါ၊ အပြင်မှာ မဟုတ်ပါဘူး၊ အဲဒီလိုပြောတော့ သူတို့က ကျွန်မတို့ ယောင်သွားလို့ပါ၊ အပြင်မှာ ဦးမင်းစိန်ကို ဇာတ်ကားတွေထဲကဟာကိုပဲ ပြေးမြင်မိကြတာလို့ သူတို့က ပြန်ပြောတယ်လေ” လို့ သူက အတိတ်ကို ပြန်သတိရဟန်နဲ့ ပြောပြပါတယ်။

မင်းသမီးတွေနဲ့ အလိုမတူဘဲ အတင်းအဓမ္မကျင့်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရင်း အားမစိုက်ပေမဲ့ ဒါရိုက်တာက သရုပ်ဆောင်ပီပြင်အောင် လုပ်ခိုင်းတာကြောင့် မဖြစ်မနေလုပ်ရတဲ့အခါမှာ အရှိန်လွန်တာတွေကြောင့် ပြဿနာတွေနဲ့ ကြုံတွေ့ ခဲ့ဖူးပါတယ်။

‘ဒါဒါနဲ့ဆို အအော်တောင်ခံရတယ်၊ ”ဦးမင်းစိန် ရှင် ဘယ်လို ဖြစ်နေတာလဲ၊ ဒီမှာ နှုတ်ခမ်းမွေးတွေ စူးကုန်ပြီ” ဆိုပြီး မင်းသမီးက စိတ်ဆိုးပြီး ရိုက်ကူးရေး မရိုက်ဘဲ အိမ်ပြန်မယ်ဆိုတာကြောင့် မနည်းတောင်းပန်ခဲ့ရတယ်၊ ”သမီးရယ်၊ ငါက ငါ့အလုပ်ငါ ပီပြင်အောင်လုပ်ရတာ” ဆိုပြီး မနည်းတောင်းပန်ရတယ်”လို့ သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

မင်းသမီးတွေကို အတင်းအဓမ္မ ဆွဲခေါ်ပြီး ပြန်ပေးဆွဲရတဲ့ ဇာတ်ကားတွေ ရိုက်တဲ့အခါမှာလည်း သူ့အတွက် အခက်အခဲနဲ့ တွေ့ကြုံခဲ့ရဖူးသလို သူ့ကြောင့် မှားတာမဟုတ်ဘဲ မင်းသမီးရဲ့ အမှားကြောင့် ဇာတ်ဝင်ခန်းတစ်ခန်းကို ခြောက်ခါလောက် ပြန်ရိုက်ခဲ့ရဖူးပါတယ်။

အဲသည်ဇာတ်ကားကတော့ မြို့ကနေ ရွာ ပြန်လာတဲ့ သူကြီးသမီးဖြစ်တဲ့ မင်းသမီးလှအဥ္စလီတင့်ကို သူ့ရဲ့တပည့် ဖြစ်သူတွေနဲ့အတူ လှည်းပေါ်ကနေ အတင်း ဆွဲချတဲ့အခန်းရိုက်ရတာပါ၊ ဇာတ်လမ်းအရ နေပူပူ၊ ဖုန်ထူထူမှာ ရိုက်ရတာပါ၊ မင်းသမီးက မကျေနပ်လို့ သူ့ကို ပါးရိုက်တဲ့ အခန်း ရိုက်ကူးနေချိန် ကြုံတွေ့ရတာပါ။

“အဲဒီလိုပဲပါးရိုက်လိုက် ပြီးတော့ သူကဟီးဟီးမှားသွားပြီဆိုပြီး အဲဒီတော့ ဒါရိုက်တာက သမီး နေလဲပူတယ်ကွာ၊ ဟိုမှာလဲ ပါးကြီးလဲရဲနေပြီ၊ သမီး သေချာလုပ်ပါဆိုပြီး အဲဒါလဲ သည်းခံရတာပဲ”လို့ ပြောရင်း သတိရဟန်နဲ့ သူ့ပါးကို စမ်း လိုက်ပါတယ်။

ပရိသတ်တွေရဲ့ တုံ့ပြန်မှုသဘောက လူကြမ်းသရုပ်ဆောင်တွေကို အပြင်မှာ တွေ့ရင် ဇာတ်ကားထဲက အတိုင်းပဲ မြင်နေတတ်တာတွေကြောင့် သူအလုပ်လုပ် ခါစတုန်းကဆိုရင် မကြာခဏဝမ်းနည်းမိတတ်တယ်။

ကြောက်ကြတယ်

လူကြမ်းသရုပ်ဆောင်ကောင်းလို့ အောင်မြင်သွားရင် အပြင်မှာရော ရုပ်ရှင် ဇာတ်ကားကြည့်နေတုန်းမှာပါ ဆဲဆိုတာတွေခံရပြီး လူရွှင်တော်တွေနဲ့ မင်းသားတွေကျတော့ ပရိသတ်တွေက ပြုံးရွှင်ပြီး နှုတ်ဆက်တတ်ကြတယ်လို့ သူက ဆိုပါ တယ်။

‘တစ်ခါတစ်ခါ ရင်ထဲကို ထိတယ်၊ ဘတ်စ်ကားစီးလို့ နေရာလွတ်တယ်ဆိုပြီး ဝင်ထိုင်မိတာ ဘေးမှာရှိနေတဲ့ ကောင်မလေးက ကြောက်ပြီး ကားပေါ်က ပြေး ဆင်းတာခံရဖူးတယ်” လို့ ပြောပါတယ်။

ရုပ်ရှင်လောကကို သူစပြီး ဝင်လာချိန်က မင်းသားတွေကို ဖိုက်တင်နေရာက နေ သရုပ်ဆောင်ဖို့ပြသရတဲ့ ကွန်ဖူးဆရာတစ်ယောက် ဖြစ်ပါတယ်။

မင်းသားတွေကို အသတ်အပုတ်အ တွက် လေ့ကျင့်သင်ကြားပေးရင်း တပည့် ဖြစ်သူက အောင်မြင်တဲ့ မင်းသားနေရာ ရောက်လာတော့ သူပါ ဇာတ်ကားတွေထဲမှာ ကိုယ်တိုင်သရုပ်ဆောင်ရင်း လူကြမ်း မင်းသားနေရာကို ရောက်မှန်းမသိ ရောက်လာတာပါ လို့ သူက ပြောပါတယ်။

“ခုတော့ သူတို့တွေသာ ပျောက်သွားတာ၊ ကိုယ်က ဆက်တိုးပေါ့”

သူစတင်သရုပ်ဆောင်တဲ့ ဇာတ်ကားက မင်းသားစိုးသူ ပထမဆုံးရိုက်ခဲ့တဲ့ “မိုက်ကြွေးမိုက်ပြစ်” ဆိုတဲ့ ဇာတ်ကားနဲ့ စတင်သရုပ်ဆောင်ခဲ့ပြီး ဖိုက်တင်ဇာတ်ကားတွေနဲ့ နာမည်ရခဲ့တဲ့ မင်းသား ရဲကိုကိုနဲ့ ရဲမင်းပိုင်ကို သင်တန်းနည်းပြအဖြစ် သင်ပေးရင်းက သူတို့ ရိုက်တဲ့ ဇာတ်ကားတိုင်းမှာ မလွတ်တမ်း ရိုက်ကူးခဲ့ရသူ ပါ။

သူက ‘ရဲကိုကိုက ရုပ်ရှင်ရိုက်ချင် တယ်ဆိုတော့ ကျွန်တော့်ဆရာဆီမှာ လာပြောတယ်၊ ကျွန်တော်က ဖိုက်တင်နဲ့ ဖြစ်အောင် သင်ပေးမယ်၊ မင်းမဖြစ်ရင် ငါ့ လည်ပင်းကို လာဖြတ်ဆိုပြီး လောင်းကြေးထပ်ခဲ့တာ” လို့ သူက ပြုံးပြီးပြန်ပြော ပါတယ်။

သူနဲ့အတူ တွဲပြီးရိုက်ဖူးခဲ့တဲ့ မင်းသားတွေက စိုးသူ၊ ရန်အောင်၊ ကျော်ရဲအောင်၊ ရဲအောင်၊ လွင်မိုး၊ ရဲကိုကို၊ ရဲမင်းပိုင်၊ ဒွေး၊ သီဟတင်စိုး၊ မင်းအုပ်စိုး၊ လူမင်း၊ မင်းမော်ကွန်းနဲ့ မြင့်မြတ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ အသတ်အပုတ်၊ ဖိုက်တင်ပညာတွေသင်ပေးခဲ့တဲ့ တပည့်တွေနဲ့ ဆုံတဲ့ ဇာတ်ကားတွေမှာ နှစ်ဖက်တိုက်ခိုက်တဲ့ အခန်းတွေမှာ ခံရတဲ့နေရာက အမြဲပဲ သရုပ်ဆောင်ခဲ့ရတယ်။ ရဲကိုကိုနဲ့ ရိုက်တဲ့ ဇာတ်ကားမှာဆို မင်းသားရဲ့ လက်သီးချက်ကြောင့် သတိမေ့ဖူးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

‘ရဲလေး မင်း အဲဒီလိုထိုးရင် ငါ့ပါးကို ထိနိုင်တယ်ဆိုပြီး သတိပေးတာ မရဘူး၊ ထင်ထားတဲ့အတိုင်းထိုးတာ၊ နောက်မှာလဲ အုတ်နံရံပဲရှိတော့တာ၊ ရှေ့မှာ လက်သီးနဲ့ တစ်ပတ်လည်သွားချိန်၊ ဂုတ်ဆိုတဲ့ အသံနဲ့ အတူ နှာခေါင်းကို ထိသွားတာ၊ သွေးတွေ အတောင့်လိုက် ပန်းထွက်ပြီး မေ့သွားတာ” လို့ ပြောရင်း နှာခေါင်းက ဒဏ်ရာကို လက်နဲ့ ပွတ်သပ်လိုက်ပါ တယ်။

လူကြမ်းသရုပ်ဆောင်တွေဟာ မင်းသားတွေနဲ့ သတ်ပုတ်ရတဲ့ ဖိုက်တင်ဇာတ် ကားတွေမှာ မင်းသားတွေရဲ့ လက်သီးချက်တွေ၊ ခြေနဲ့ကန်မိတာ၊ တုတ်နဲ့ ရိုက်မိတာတွေ မကြာခဏခံခဲ့ရပေမဲ့ လူကြမ်းတွေက သရုပ်ဆောင်ရင်း မင်းသားကို ထိမိ ခိုက်မိပါရင် ရှုတင်မန်နေဂျာကို သည်လူ ကြမ်းနဲ့ မရိုက်ဘူးလို့ ပြောတော့ လူကြမ်းတွေ မရိုက်ရတာတွေလည်း ရှိတယ်လို့ သူက ရှင်းပြပါတယ်။

‘မင်းသားကို ထိမိတာ သိပ်မရှိပါဘူး၊ မင်းသားက ဘရိတ်ပေါက်ရင်တော့ ဆော ရီးတဲ့ ၊ ကိုယ်တွေ ထိမိရင် နောက်မခေါ်နဲ့ လို့ ပြောရင် ကိုယ်ပဲ ထမင်းငတ်မှာ” လို့ ပြောတယ်။

ရဲကိုကိုအပြင် ရဲမင်းပိုင်နဲ့ ရိုက်တဲ့ ဇာတ်ကားမှာလည်း သူ အပြင်းအထန် ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ မျက်နှာချင်းဆိုင် မြင်းစီးပြီး ပြေးလာတဲ့အခန်းမှာ မြင်းပေါ်ကနေ မတ်တတ်ရပ်ပြီး မင်းသားက ခြေ ထောက်နဲ့ ရင်ဘတ်ကို ကန်ရတဲ့အခန်းမှာ အရှိန်လွန်ပြီး မြင်းပေါ်က ပြုတ်ကျသွားပါတယ်။

သူ သတိရလို့ ကြည့်လိုက်တဲ့အချိန် မှာ ရိုက်ကူးရေးနေရာမဟုတ်ဘဲ အိမ် တစ်အိမ်မှာ ရောက်နေတာပါ။

သူ ဒဏ်ရာအကြီးအကျယ်ရခဲ့တဲ့ ဇာတ်ကားကတော့ မင်းသားရန်အောင်နဲ့ ရိုက်ကူးရတဲ့ “ကျောက်လက်ဝါးနဲ့ စိုင်းဗေဒါ” ဇာတ်ကားပါ။ သည်ဇာတ်ကားဟာ အက်ရှင်ကားဖြစ်ပြီး အသတ်အပုတ်တွေ၊ ဒိုင်ဗင်ထိုးတဲ့အခန်းတွေလည်း ပါပါတယ်။

လှည့်မကြည့်ကြ

အဲသည်အချိန်တုန်းက သူ မင်းသားထွန်းထွန်းနိုင်ရဲ့နေရာမှာ လူစားထိုးပြီး ဒိုင်ဗင်ဝင်ထိုးရပါတယ်။ ဒိုင်ဗင်ထိုးရင်း မတော်တဆထိခိုက်မှုကြောင့် ခြေသလုံးရိုး ပြုတ်ထွက်ပြီး သုံးလလောက် အိမ်မှာ နားခဲ့ရပါတယ်။ လမ်းမလျှောက်နိုင်လို့ ဖင်ကို တရွတ်တိုက်ဆွဲပြီး သွားခဲ့ရတာကြောင့် သူ့ရဲ့မိသားစုဒုက္ခရောက်မှာကို သူ ပူပန်ခဲ့ပေမဲ့ ထုတ်လုပ်သူရော ဒါရိုက်တာဘက်ကပါ ထောက်ပံ့ကြေးပေးတာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။

“မျက်ရည်တွေ တင်ကျတာမဟုတ်၊ စိတ်ဓာတ်တွေပါကျသွားတာ၊ ပြည်မှာရှိ တဲ့ အစ်မက သူ့အိမ်မှာ ဗမာဆရာနဲ့ ခေါ် ကုပေးလို့ သက်သာလာတာ၊ မင်းသား မင်းသမီးတွေက ဒဏ်ရာရလို့ မရိုက်နိုင်ရင် ပရိသတ်တွေက သနားတယ်၊ သူတို့ မှာ စီးပွားရေးလဲရှိတော့ မပူရဘူး၊ လူ ကြမ်းတွေကတော့ အလုပ်မလုပ်နိုင်ရင် ဒုက္ခရောက်ရတာ” လို့ ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ ဦးမင်းစိန်တို့လို လူကြမ်းတွေမှာ ဇာတ်ကားရိုက်ကူးမှုတွေ အများအပြားမရှိတော့ဘဲ အနည်း ငယ်သာ ရှိတာကြောင့် လူကြမ်းအများစုဟာ ကြုံရာအလုပ်လုပ် နေရသူတွေ အများ ကြီးရှိနေပါတယ်။ မြို့ စွန်က နေရာတွေမှာ မုန့်ဆိုင်လေးဖွင့်ပြီး ရောင်းသူ၊ ဆိုင်ကယ် ကယ်ရီဆွဲနေသူ၊ ကားမောင်းတဲ့အလုပ်လုပ်ကိုင်နေသူတွေ၊ မိသားစုကို ပြန်ပြီး မှီခိုနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

အကြမ်း၊ အရမ်း၊ အသတ်အပုတ်ကားတွေနည်းသွားသလို ဒရာမာဇာတ်ကားတွေမှာ လူကြမ်းနေရာ၊ လူဆိုးနေရာ၊ ဂိုဏ်းစတားနေရာတွေမှာ သရုပ်ဆောင်နေသ လူကြမ်းတွေ နေရာပျောက်နေရပြီ လို့ သူက သုံးသပ်ပါတယ်။

ဦးမင်းစိန် တစ်ယောက်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ဇာတ်ကား တစ်ကားအတွက် ရိုက်ကူးရတဲ့ငွေတွေက သားသမီးတွေကို ပညာသင်ပေးနိုင်တယ်၊ မိသားစုစားဝတ်နေရေးကို အပြည့်အဝ တာဝန်ယူနိုင်ခဲ့တာကြောင့်သည်အလုပ်ပေါ် မှာ စိတ်ရောကိုယ်ရောနှစ်ပြီး လုပ်ခဲ့တယ်။ ခုချိန်အထိ သည် လောကကအပြီးတိုင် ထွက်သွားဖို့ တစ်ခါမှ မစဉ်းစားခဲ့ပါဘူး။

သားသမီး ငါးယောက် ဖခင်ဖြစ်တဲ့ သူဟာ ရုပ်ရှင်စတင်ရိုက်ကူးစအချိန်တုန်းက သူပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား ထွက်လာရင် နေအိမ်ကိုယူသွားပြီး မိသားစုနဲ့အတူ ကြည့်ခဲ့ဖူးပါတယ်။

အတူကြည့်နေချိန်မှာ မင်းသားရဲ့ ရိုက်နှက်မှုကြောင့် သူ သွေးထွက်သံယို ဖြစ်နေတဲ့ အခန်းတွေပါတဲ့အချိန်၊ ရဲတွေက ဖမ်းပြီး ထောင်ကျတဲ့အခန်းတွေရောက်ရင် ဇနီးနဲ့သားသမီးတွေဟာ မျက်ရည်တွေကျပြီး ဆက်မကြည့်ဘဲ အပြင်ကို ထွက်သွားတာကြောင့် နောက်ပိုင်းမှာ သူ အိမ်ကို ယူမသွားတော့ပါဘူး။

သူ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကို ရပ်ကွက်ထဲက ရုံတွေမှာ သွားရောက် ကြည့်ဖို့ သူ စီစဉ်ခဲ့ပေမဲ့ ရုံထဲမှာ သူပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ဝင်ခန်းတွေရောက်ရင် ပရိသတ်တွေက “ဒီကောင်မသေသေ ဘူးလား၊ လူယုတ်မာကောင်ကို အရှင်မထားနဲ့ သတ်သတ်” ဆိုတဲ့ ပရိသတ်တွေရဲ့ အသံတွေကို သူကြားခဲ့တာကြောင့် ရုံထဲမဝင်ဘဲ ပြန်လှည့်ခဲ့ပါတော့တယ်။

‘ကိုယ့်ဇာတ်ကားလေးပြနေတယ် ဆို ပြီး ဝင်ကြည့်မလို့ ဂိတ်ပေါက်ကနေ ချောင်းကြည့်တာ၊ ပရိသတ်တွေ ကိုယ့်ကို ဆဲနေတာနဲ့ ကြုံလို့ အပေါက်ဝကနေ လှည့်ပြန်ခဲ့ရတယ်၊ စဉ်းစားကြည့် အဲဒီအချိန် မှာသာ ပရိသတ်တွေက ဦးလေးကို တွေ့ ရင် ဘယ်လိုတုံ့ပြန်မလဲ၊ စဉ်းစားသာ ကြည့်တော့” လို့ ပြောပြရင်း ရယ်နေပါတယ်။

ဆရာဝန် ဖြစ်ဖူးတယ်

လူကြမ်းနေရာကပဲ အမြဲသရုပ် ဆောင်နေတဲ့သူ့အတွက် ရိုက်နေကျဖြစ်တဲ့ ဇာတ်နဲ့ ဆန့်ကျင်ဘက်နေရာကနေ သရုပ်ဆောင်ဖို့ အခွင့်အရေးတချို့ ရခဲ့ဖူးပါတယ်။ အဲသည်ဇာတ်ရုပ်ကတော့ မြို့ကနေ တောရွာတစ်ရွာမှာ တာဝန်ထမ်း ဆောင်ဖို့ ဆရာဝန်တစ်ယောက်အဖြစ် သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ပါ။

မူလစီစဉ်ထားတဲ့ သူက အဆင်မပြေ ဖြစ်တာကြောင့် သူ့ကို ဆရာဝန်နေရာကနေ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ ရိုက်ကူးတဲ့ရွာမှာ ရွာသားတွေက ဆရာဝန်ကိုကြိုဖို့ စုပြီးစောင့်နေတဲ့အချိန်မှာ သူတို့ထင်ထားသလို ဆရာဝန်က လူကြမ်းသရုပ်ဆောင်ဖြစ်တဲ့ သူ့ကိုတွေ့တော့ သတိလက်လွတ်နဲ့ သည်လူယုတ်မာက ဆရာဝန်နေရာက သရုပ်ဆောင်တာဆိုပြီး အဟားခံခဲ့ရဖူးတယ်လို့ ပြန် ပြောပြပါတယ်။

ခုနောက်ပိုင်းတော့ ရန်ကုန်နေသူတွေက သူ့ကိုတွေ့ရင် အရင်ကလို ခပ်ကြမ်းကြမ်းစကားလုံးတွေနဲ့ ဆက်ဆံမှုတွေမရှိတော့ဘဲ နယ်ကလူတွေကတော့ အခုချိန်အထိ သူ့ကို ရုပ်ရှင်ထဲက အတိုင်းပဲ ပြန်မြင်နေကြတုန်းပဲလို့ သူက ပြောပါ တယ်။

ပရိသတ်တွေက ဇာတ်ကားရိုက်ကူးမှုတွေ ပြီးတဲ့အချိန်တွေဆိုရင် သူတို့လို လူ ကြမ်းတွေကို ထမင်းကျွေးတာ၊ လက်aဆာင်ပေးတာ ၊ နှုတ်ဆက်တာတွေ ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။

‘ခုတော့ ခံရတာများလို့ အရေတောင် ထူနေပါပြီ၊ မိန်းမကြီးတွေဆို ပိုဆိုးတယ်၊ ဟာအကြံဆိုးနဲ့ လူကြီး ဆိုပြီး ပြော ကောင်းတုန်း”လို့ ပြန်ပြောပြရင်း ဘေး ထိုင်ခုံပေါ်က မျက်နှာပြင်တစ်ခုလုံး ကြေမွ အက်ကွဲနေတဲ့ ဟွာဝေးအမျိုးအစား ဖုန်း လေးကို ကောက်ကိုင်လိုက်ပါတယ်။

လက်ရှိအချိန်မှာတော့ သူဟာ သူပိုင်ဆိုင်တဲ့ သုံးဘီးဆိုင်ကယ်လေးကို မောင်းရင်း သူ့ကို လူကြမ်းသရုပ်ဆောင်နေရာက သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ့် သူကို မျှော်နေပါတယ်။

သူက ‘ပိုင်ဆိုင်မှုဆိုလို့ ကလေးငါးယောက်သာ အဖတ်တင်တယ်၊ ငွေက စုထားတာ တစ်ပြားမှမရှိဘူး၊ အိမ်လခကလဲ ပြည့်တော့မယ်” လို့ ပြောရင်းသက်ပြင်းချလိုက်ပါတယ်။

Credit to: Kumudra

(Author အေးအေးအောင်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။