ဒီကနေ့ အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၇နာရီ အကျော်ခန့်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ဆားပွက်ချောင်းအတွင်း တိုက်လေယာဉ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့တဲ့ သတင်းကိုတော့ အားလုံးသိရပါတယ်။ စိတ်မကောင်းစရာသတင်းဆိုးကြီးတစ်ခုဖြစ်သလို သေဆုံးသူတွေအတွက်လည်း ဝမ်းနည်းစရာကောင်းလောက်အောင်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ စစ်လေယာဉ်ပကျ်ကျရာမှာ လေယာဉ်အပိုင်းအစထိမှန်သေဆုံးသွားခဲ့တဲ့ ငါးတန်းကျောင်းသူလေး မသွယ်ဇင်ငြိမ်းအသက်(၁၂) နှစ်ရဲ့ နာရေးသတင်းကတော့ စိတ်မကောင်းစရာ ကြားသိခဲ့ရပြီးပါပြီ။
ဒီကနေ့ ညနေ ၄နာရီ အချိန်ခန့်တွင် သမီးငယ်လေးရဲ့ ရုပ်အလောင်းကို မီးသဂြိၤုဟ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ သေဆုံးသွားတဲ့ မသွယ်ဇင်ငြိမ်းအတွက် တိုင်းအစိုးရက ကျပ် ၁၀ သိန်းထောက်ပံ့မှာ ဖြစ်သလို သေဆုံးသွားတဲ့ တပ်မတော်အရာရှိ လေယာဉ်မှူး နှစ်ယောက်ကို လည်း ထောက်ပံ့မယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပြခဲ့ပါတယ်။ “အဲဒါကို ကျနော်တို့ ဒီကတိုင်ပင်ပြီးတော့ ၁၀ သိန်းထောက်ပံ့မယ်။ တပ်မတော်အရာရှိ နှစ်ယောက်ကိုလည်း ကိုယ်တတ်နိုင်သမျှ ကျပ် ၁၀ သိန်းစီပေါ့။ အဲဒါလေးထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်။ ” လေယာဉ်အပိုင်းအစတွေထိမှန် ပျက်ဆီးသွားတဲ့ နေအိမ်တွေကိုလည်း သက်ဆိုင်ရာက လျော်ကြေးပေးဖို့ အစီအစဉ် ရှိတယ်လို့လည်း သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၆ရက်မနက်က မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်ဟာ အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းစဉ် မင်းဘူးမြို့၊ ဆားပွက်ချောင်းအနီး တာဝါတိုင်ကို တိုက်ပြီးပျက်ကျသွားခဲ့တာပါ။ ပျက်ကျတဲ့ တပ်မတော်လေယာဉ်အပိုင်းအစက မြေပြင်မှာ စာကျက်နေတဲ့ မင်းဘူးမြို့၊ အေးသာယာလမ်းနေ ဦးဖိုးဖြူရဲ့သမီး ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို ထိမှန်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရခဲ့လို့ မင်းဘူးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုမှုခံယူစဉ် သေဆုံးသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ စိတ်မကောင်းစရာ သမီးလေးရဲ့ ဖြစ်စဉ်နဲ့ လက်ရှိရရှိတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
Photos - DVB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။