အမေကြီးချစ်တဲ့ သားရွေသွေး 

ရန်ကုန်မြို့ အရှေ့ဒဂုံမြို့နယ် ဆည်းဆာရိပ်သာ ဂိလာနဘိုးဘွားရိပ်သာအတွင်းရှိ အဘွားဆောင်တွင် အမေကြီးတစ်ယောက် ခုတင်ပေါ်၌ထိုင်ကာ ကလေးငယ်တစ်ယောက်ကို ချော့မြှူနေသည်။ ကလေးငယ်မှာ မျက်နှာတစ်ခုလုံး သနပ်ခါးအဖွေးသားနှင့်ဖြစ်ပြီး တခစ်ခစ်ရယ်လိုက်တိုင်း အမေကြီးမှာ သွားကျိုးကလေးများပေါ်အောင် လိုက်ပါရယ်မောသည်။ ‘‘သူက ဒီမှာပျော်တယ်တဲ့’’ ဟုပြောရင်း အမေကြီးမျက်လုံးလေးတွေ မှေးစင်းသွားသည်အထိ ရယ်လေသည်။ ထိုအမေကြီးသည် ဒေါ်တင်တင်ဟု အမည်နာမရှိပြီး အသက်(၈၇) နှစ်အရွယ်ရှိပြီဖြစ်သည်။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာသို့ ရောက်သည်မှာ ရက်သတ္တပတ်ပင် မပြည့်သေး။

ရက်တစ်ပတ်ပင် မပြည့်သေးသော်လည်း ဆည်းဆာရိပ်မှာ အမေကြီးဒေါ်တင်တင်ကို လူသိများနေလေပြီ။ ကလေးငယ်တစ်ဦးကို ရင်ခွင်ပိုက်ကာ ရောက်လာသည့် ဒေါ်တင်တင်၊ အသက်ကြီးမှ ကလေးမအေဖြစ်ရသူ ဒေါ် တင်တင်အဖြစ် ရိပ်သာတစ်ခုလုံး သတင်းမွှေး၍နေလေပြီ။ အမေကြီး ဒေါ်တင်တင်ကလည်း သူ့ကလေးကို အတော်လေးဂရုစိုက်သည်။ ကလေး သမံတလင်းပေါ် လိမ့်ကျမည်စိုး၍ ခုတင်အတွင်း ဘက်တွင်ထားသိပ်သည်။ ညအိပ်လျှင်လည်း စောင်ပါးကလေးခြုံ ပေးပြီး ကလေးဘက်မျက်နှာမူကာ အိပ်စက်တတ်သည်။‘‘သူက ညညတော့ အော်မငိုပါဘူး။ အိပ်ပါတယ်’’ဟု အမေကြီးဒေါ်တင်တင်က ကလေးငယ်မျက်နှာလေးကို ကြည့်ရင်းပြောသည်။ ဒေါ်တင်တင် ထိုကဲ့သို့ပြောတော့ ရိပ်သာဝန်ထမ်းတွေရော ဘေးခုတင်မှ အဘွားများကပါ စိတ်ထဲမကောင်းသော်လည်း ပြုံးမိကြသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်တင်တင် သားအရင်းကလေးတစ်ယောက်လို ပြုစုစောင့်ရှောက်နေသည့် ခုတင်ပေါ်ရှိ ကလေးငယ်မှာ လူသားစင်စစ်မဟုတ်ရှာဘဲ ကော်ပတ်ရုပ်ကလေးတစ်ရုပ် ဖြစ်နေသောကြောင့်ပင်။

ဒေါ်တင်တင်ကို သွားခေါ်သည့်နေ့က အဖြစ်အပျက်တွေကို ရိပ်သာ၏ ဒုဥက္ကဋ္ဌတစ်ယောက်ဖြစ်သည့် ဆရာမကြီးဒေါ်ခင်မမ မေ့မရသေး။ ဆရာမကြီးဒေါ်ခင်မမတို့အနေဖြင့် စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်တို့နှင့်အတူ ဆည်းဆာရိပ်ကို စတင်တည််ထောင်ပါဆိုကတည်းက အမျိုးမျိုးသော ဘိုးဘွားမျိုးစုံကို ခေါ်ယူစောင့်ရှောက်လာခဲ့၍ ဇာတ်လမ်းအမျိုးမျိုးအဖုံဖုံ ကြုံခဲ့ရပြီးသား။ ရင်ထဲနင့်ခနဲဖြစ်သွားခဲ့ရသည့် ဖြစ်ရပ်တွေကလည်း အမျိုးစုံအောင်မြင်ခဲ့ရဖူးပြီ။ အနယ်နယ်အရပ်ရပ်က ဘိုးဘွားပေါင်း ၂၅၀ ကျော် ခေါ်ယူစောင့်ရှောက်ခဲ့ဖူးပြီးဖြစ်၍ ဇာတ်လမ်းပေါင်း ၂၅၀ ကျော် ကိုယ်တွေ့ခံစားခဲ့ရပြီးလေပြီ။

တစ်ခါကတော့ ဒေါ်ခင်မမ တရားစွဲဆိုချင်စိတ်ပင် ပေါက်ခဲ့သည့်ဖြစ်ရပ်တစ်ခု ကြုံခဲ့ရဖူးသည်။ ကြည့်မြင်တိုင်အမှိုက်ပုံတွင် အဘွားအိုတစ်ဦးကို လာပစ်သွားတုန်းကဖြစ်သည်။ ထိုအဘွားအိုမှာ အမှိုက်ပုံတွင် တစ်နေ့ နှင့်တစ်ည ဒုက္ခခံခဲ့ရသည်။ ဒုက္ခတောင်မှ ရိုးရိုးဒုက္ခမဟုတ်။ အမှိုက်ပုံမှာ မင်းမူထားကြသည့် ကြီးမားလှသည့် မြေကြွက်ကြီးတွေက အဘွားအိုကို ကိုက်ကြသည်။ အဘွားအိုမှာ မလှုပ်နိုင်၍ အကိုက်ခံရသည်။ မြေကြွက်တွေ ကိုက်ထားသောကြောင့် နောက်ကျောပေါက်ပြီး အဆုတ်တွေ လှုပ်နေတာတွေတောင် ဆရာမကြီးတို့မြင်ခဲ့ရသည်။ ထို့အပြင် ကားပေါ်မှ ပစ်ချခံရသဖြင့် နံရိုးတွေကျိုးကာ အဆုတ်ကိုထိုးမိခဲ့ပြန်သည်။ ထိုအဘွားအိုမှာ ဆေးရုံတွင်တစ်ပတ်လောက် ကုသခဲ့ရသည်။ ထိုတုန်းကဆို ဆရာမကြီးမှာ စွန့်ပစ်သူတွေကို တရားစွဲဆိုချင်စိတ်ပေါက်လာသည်မှာ အလွန်အမင်း။

ထိုအဘွားအိုလောက်တော့ ဒေါ်တင်တင် အခြေအနေကမဆိုး။ ထိုနေ့က ဒေါ်တင်တင်ကို ဂေဟာတွင် ခေါ်ယူစောင့့်ရှောက်ပေးရန် ဒေါ်ခင်မမနှင့် ရိပ်သာဝန်ထမ်းအချို့ ရန်ကုန်မြို့တွင်းတစ်နေရာမှ ကားကလေးဖြင့် သွားခေါ်ခဲ့ကြသည်။ အမေကြီးဒေါ်တင်တင်သည် ထိုအိမ်တွင် နှစ်ပေါင်းများစွာ အိမ်အကူအဖြစ် အလုပ်လုပ်ခဲ့ပြီးနောက် သူလည်း တဖြည်းဖြည်း အသက်အရွယ်ကြီးမြင့်လာခဲ့သလို အိမ်ရှင်များလည်း အရွယ်ရလာခဲ့သည်။ ထိုအိမ်ရှိ သားသမီးများကလည်း ပြည်ပရောက်နေကြသလို လူကြီးများကလည်း အရွယ်အရ ကျန်းမာရေးလည်း မကောင်းဖြစ်လာသည့်အချိန် အိမ်အကူလုပ်ခဲ့သူ ဒေါ်တင်တင်ကို ဆက်လက်စောင့်ရှောက်ရန် မလွယ်ကူတော့ပေ။

ဒေါ်တင်တင်မှာ ယောက်ျားသားရှိခဲ့ဖူးပုံရသော်လည်း ထိုယောက်ျားမှာ ဆုံးသွားပြီဟုဆိုသလို သားထောက်သမီးခံလည်းမရှိတော့၍ ဒေါ်တင်တင်ကို ပြုစုစောင့်ရှောက်ဖို့အရေး အခက်ကြုံ ရသည်။ ထို့အတွက် ဒေါ်တင်တင်ကို ဆည်းဆာရိပ်ဂိလာနရိပ်သာတွင် စောင့်ရှောက်ပေးရန် ထိုအိမ် နှင့် ဆွေမျိုးနီးစပ်တော်သူတစ်ဦးက လျှောက်ထားလာသည့်အတွက် ဆရာမကြီး ဒေါ်ခင်မမတို့က စိစစ်ရွေးချယ်ကာ လာရောက်ခေါ်ယူပေးရခြင်းဖြစ်သည်။

ထိုအိမ်ရောက်တော့ အမေကြီး ဒေါ်တင်တင်မှာ အိမ်၏အနောက်ဘက်တွင် တည်ဆောက်ထားသော အဆောင်လေးတစ်ခုအတွင်းဝယ် လဲလျောင်းနေသည်။ ဆရာမကြီးတို့ ရောက်လာတော့ အမေကြီး ဒေါ်တင်တင် ကပျာက ယာထသည်။ ဒေါ်တင်တင်ကို လာခေါ်သည့် အကြောင်းပြောတော့ အမေကြီးက သူ့အား တခြား နေအိမ်တစ်အိမ်တွင်ပြောင်းကာ အလုပ်လုပ်ရမည် ထင်နေပုံရသည် ‘အမေကြီး အလုပ်တော့ မလုပ်နိုင်တော့ဘူး’ဟု ဆိုရှာသည်။

ဆရာမကြီးတို့က အမေကြီးကို စောင့်ရှောက်ရန် လာခေါ်ခြင်းသာဖြစ်ကြောင်း ပြောပြသည်။ ထိုသို့ပြောနေရင်း ခုတင်ပေါ်ရှိ အရာတစ်ခုကို ဆရာမကြီးတို့တစ်တွေ သတိထားမိလိုက်သည်။ ကလေးအရုပ်ကလေးတစ်ရုပ်ကို တကယ့်ကလေးငယ်တစ်ဦးလို စောင်ကလေးခြုံကာ သိပ်ထားခြင်းဖြစ်သည်။ တစ်ကိုယ်လုံးကိုလည်း အနှီးလေးတစ်ခုပတ်ထားပေးလိုက်သေးသည်။ အရုပ်ကလေးတစ်ရုပ်ကို ထိုသို့ပြင်ဆင်ပေးထားတော့ အဘွားစိတ် ပုံမှန်မှဟုတ်ပါလေစဟု ဆရာမကြီး သံသယဝင်ကာ စကားတွေ ပြောကြည့်သည်။ သို့သော် အမေကြီး ဒေါ်တင်တင်မှာ အသက်အရွယ်ကြီးမြင့်၍ တချို့အကြောင်းအရာများ မေ့နေသည်မှလွဲ၍ စိတ်ပုံမှန်အနေအထားပင်။

သူ့အား ယခုအိမ်တွင် ခေါ်ယူသွားတော့မည်ဆိုတော့ ဒေါ်တင်တင် သဘောထားကို မေးသည်။ အမေကြီး ဒေါ်တင်တင်ကတော့ ‘‘ဆရာကတော်ပို့ရင် သွားပါ့မယ်’’ဟု သံယောဇဉ်ကြီးစွာဆိုသည်။ အိမ်ရှင်က ခွင့်ပြုသည်ဆိုတော့ အိမ်အကူအမေကြီး ဒေါ်တင်တင် ဘာမျှ စောဒကမတက်တော့။ ခေါ်ရာလိုက်သွားဖို့သာ ပြင်လိုက်သည်။ သို့သော် သူ့အားလာခေါ်သူ ဆရာမကြီးတို့အား တစ်ခုတော့ တောင်းဆိုလေသည်။ ‘‘အမေကြီးကလေးလေးကို ခေါ်ခဲ့လို့ရလား။ သူက ထမင်းတော့ မစားပါဘူး’’ ဟု ခုတင်ပေါ်က ကလေးအရုပ်ကလေးကို ညွှန်ပြရင်း ပြောသည်။ ဆရာမကြီးနှင့်ရိပ်သာဝန်ထမ်းများက စိတ်ထဲမကောင်းဖြစ်ခဲ့ပြီး ကလေးကို ခေါ်ခွင့်ပြုကြောင်း ပြောလိုက်တော့ ဒေါ်တင်တင်မျက်နှာဝင်းပသွားသည်။ အိမ်ကထွက်တော့မည်ဆိုတော့ အမေကြီး ဒေါ်တင်တင်က ကလေးကို ကြည့်ရင်းလှမ်းပြောသည်။ ‘‘ နေဦး၊ နေပူနေတယ်။ ကလေးကို ဦးထုပ်ဆောင်းပေးရဦးမယ်’’ဟု ဆိုကာ ခုတင်ပေါ်ကျန်ခဲ့သည့် ကလေးဦးထုပ်ကလေးယူူပြီး သူ့အရုပ်လေးကို ဆောင်းပေးခဲ့သည်။ ကားပေါ်တွင်လည်း သူ့ကလေးကို ချော့မြှူနေသည်မှာ တကယ့်ကလေးငယ်တစ်ဦးကို ထိန်းနေသကဲ့သို့ပင်။ ရိပ်သာဝန်ထမ်းများက ကလေးအရုပ်ကလေးကို တစ်လှည့်ချီကာ မြှူပေးတော့လည်း အမေကြီးဒေါ်တင်တင် ပျော်နေရှာလေသည်။

ရိပ်သာသို့ စရောက်ရောက်ချင်း ဘိုးဘွားများသည် ပုံစံမျိုးစုံဖြင့် ရောက်လာလေ့ရှိကြသည်။ တချို့က ရိပ်သာပို့ရပါ့မလားဟု ဒေါသထွက်ရင်း ရောက်လာကြသည်။ တချို့က ငါ့များဘယ်ပို့ဦးမှာပါလိမ့်ဟု မသင်္ကာစိတ်ဖြင့် တွေးကာ လိုက်လာကြသည်။ တချို့ကတော့ ကိုယ့်ဘဝကိုယ် အားငယ်ဝမ်းနည်းစိတ်တွေဖြင့် ရိပ်သာဝင်းထဲဝင်လာကြသည်။ ဒေါ်တင်တင်ကတော့ ထိုသို့မဟုတ်။ သူ၏ အရုပ်ကလေးကိုပိုက်ရင်း အေးအေးဆေးဆေးပင် ရိပ်သာထဲ ရောက်လာခဲ့သည်။ ကလေးတစ်ဦးသဖွယ် ရောက်လာခဲ့သည့် ဒေါ်တင်တင်ကို ဆည်းဆာရိပ်မိသားစုများက ကရုဏာဖြင့် ကြိုဆိုခဲ့သည်။

တချို့ အဘိုးအဘွားတွေက ရိပ်သာရောက်မှ ကလေးစိတ်တွေ ပေါက်လာတာလည်းရှိသည်။ ဥပမာ စောင်လာလှူသည်ဆိုလျှင် ‘‘သူကတော့ အဝါရသည်။ င့ါကျမှ စပ်ဖြဲဖြဲရောင် အနီကြီးပေးသည်။ ပြန်လဲပေး’’ဟုဆိုတာမျိုး။

အစားအသောက်ကျွေးသည့်အခါတွင်လည်း အကောင်းကျွေးချင်၍ ပုစွန်တုပ်ဟင်းချက်သည့်အခါ ‘‘တို့များ သေအောင်များသတ်နေကြသလားမပြောတတ်ဘူး။ သွားမရှိတော့ပါဘူးဆိုနေမှ ဘယ်လိုစားရမလဲ။ သူတို့စားချင်တာ ချက်နေကြတာ’’စသဖြင့် ဆည်းဆာရိပ်သာဝန်ထမ်းများအပေါ် တကယ့်မိသားစုဝင်တွေလို သဘောထားကာ ဂျီကျသူများလည်း ရှိသည်။

အမေကြီး ဒေါ်တင်တင်ကတော့ ထိုသို့မဟုတ်။ သူ့အရုပ်ကလေးကိုသာ ချော့ကာမြှူကာနေရင်း ပျော်နေရှာသည်။

အမေကြီး ထိုအရုပ်ကလေးအပေါ် ခင်တွယ်နေတာကိုတွေ့ရတော့ ဆည်းဆာရိပ်က သူနာပြု နှင့် ဝန်ထမ်းလေးတွေကလည်း အမေကြီးအကြိုက်လိုက်ကာ ပြုစုရှာသည်။ နံနက်ပိုင်းအမေကြီးကို မျက်နှာသစ်ပေးလျှင် အရုပ်ကလေးကိုပါ မျက်နှာသစ်ပေးကြသည်။ အမေကြီးကို သနပ်ခါးသွေးကာ လူးပေးလျှင် အရုပ်ကလေးကိုလည်း သနပ်ခါးဖွေးနေအောင် လူးပေးကြသည်။ အရုပ်ကလေးဝတ်ဖို့ ကလေးဝတ်စုံလေးတွေ ထပ်ချုပ်ပေးဖို့ ပြင်နေကြသည်။ ထိုမျှမကသေး။ ဆည်းဆာရိပ်ဝန်ထမ်းတွေက အရုပ်ကလေးမှာ ဓာတ်ခဲထည့်ရသည့် အရုပ်ကလေးမှန်းသိရ၍ အားကုန်နေသည့်အရုပ်ကလေးကို ဓာတ်ခဲလဲပေးလိုက်ကြသည်။ ထိုအခါ အရုပ်ကလေးသည် သူ့ကိုပုတ်လိုက်တိုင်း တခစ်ခစ်ထရယ်လေတော့သည်။

အရုပ်ကလေးရယ်တော့ အမေကြီးလည်း ပျော်လေသည်။ အရုပ်ကလေးရိပ်သာမှာပျော်လို့ရယ်တာပဲဟုဆိုပြီး အမေကြီးလည်း ရိပ်သာမှာ ပျော်ခဲ့ရသည်။ သို့သော် ထိုအပျော်က စိတ်ချလက်ချ အပျော်မျိုးတော့မဟုတ်။ အရုပ်ကလေးမှာ လက်ကလေးနှင့်ထိမိတိုင်း ထထရယ်နေသဖြင့် အခန်းထဲရှိ တခြားအဘွားတွေ အနှောင့်အယှက်ဖြစ်မှာ အမေကြီး စိုးရိမ်လေသည်။ ‘‘ကလေးကလည်း ထထအော်နေတော့ အားနာလိုက်တာ။ လူကြုံရှိရင် ပြန်ထည့်ပေးလိုက်ပါ့မယ်’’ဟု အားနာစွာဆိုရှာသည်။ ဆရာမကြီးတို့ကတော့ အားနာစရာမလို။ ကလေးကို တခြားအဘွားတွေလည်း ၀ိုင်းထိန်းပေးလိမ့်မည်ဟု ပြောတော့မှ အမေကြီး ဒေါ်တင်တင် စိတ်သက်သာရာရသည်။

ဆည်းဆာရိပ်ဝန်ထမ်းများကတော့ ရောက်လာသူ ဘိုးဘွားများကို မိသားစုဝင်တွေအတိုင်း ပြုစုကြသည်။ မေတ္တာငတ်၍ ရောက်လာကြသူများ ဖြစ်သဖြင့် မေတ္တာရှိကြောင်း ပြပေးရသည်။ အရုပ်ကလေးမှာ ယခင်အိမ်မှာတုန်းက အမေကြီးဒေါ်တင်တင် တစ်ယောက်တည်း သူ့အခန်းငယ်လေးအတွင်းဝယ် အထီးကျန်စွာနေရင်း အမေကြီး၏ တီးတိုးဖော်၊ စကားပြောဖော်၊ ရင်ဖွင့်ဖော် ဖြစ်ခဲ့ပုံပေါ်သည်။ အမေကြီးမှာ ထိုအရုပ်ကလေးကို အတော်ခင်တွယ်ရှာသည်။ ထိုကလေးငယ်မှာ လူသားစင်စစ်မဟုတ်ဘဲ အရုပ်ကလေးတစ်ရုပ်ဖြစ်မှန်းလည်း အမေကြီးသိသည်။ ‘‘လက်သမားဆရာ လုပ်ပေးတာလေ။ သစ်သားရုပ်ကလေး’’ဟု ပြောရှာသည်။ သို့ သော် သူ့စိတ်ထဲတွင်မူ ထိုအရုပ် ကလေးအား တကယ့် သူ့ရင်မှမွေးသည့် သားတစ်ယောက်လို သဘောထားကာ ပြုစုနေရှာလေ သည်။

အမေကြီး ဒေါ်တင်တင် ရောက်လာကတည်းက ဆည်းဆာရိပ် ရိပ်သာကလေးမှာ ရယ်မောသံတွေကဖုံးလွှမ်းစေခဲ့ပါသည်။ (၈၀) ကျော် အမေအိုတစ်ယောက် အရုပ်ကလေးတစ်ရုပ်ဖြင့် ပျော်မြူးနေတာကိုကြည့်ရင်း တခြားအဘွားကိုပါ ထိုအပျော်တွေ ကူးစက်ကုန်သည်။ အမေကြီးဒေါ်တင်တင် သားကလေးကို သားသမီးမေတ္တာငတ်ခဲ့ကြသည့် ဘိုးဘွားရိပ်သာရောက် အဘွားအိုတစ်သိုက်က ၀ိုင်းကာထိန်းပေးကြသည်။ အရုပ်ကလေးနှင့် ပျော်နေရှာသည့် အမေကြီး ဒေါ်တင်တင်ကိုကြည့်ရင်း ကိုယ့်ရင်ကမွေးသားသမီးမြေးတွေကို သတိရသူတွေလည်း ရကြသည်။ ဆန်းပြားလှသည့် သံယောဇဉ်အပေါ် အံ့သြသူတွေကလည်း အံ့သြကြသည်။

ဂိလာန သက်ကြီးဘိုးဘွားများ၏ နေဝင်ချိန်ဘဝဆည်းဆာကို သစ်ပင်အရိပ်သဖွယ်အုပ်မိုးကာ စောင့်ရှောက်ပေးနေသည့် ဆည်းဆာရိပ် ရိပ်သာကလေးမှာတော့ အဘွားအိုတစ်သိုက် အမေကြီး ဒေါ်တင်တင်၏ သားငယ် အရုပ်ကလေး တစ်ရုပ်နှင့်အတူ ဘဝ၏လက်ကျန်ရက်များကိုပျော်ရွှင်စွာ ဖြတ်သန်းနေကြပါလေတော့သည်။

Source - ဆည်းဆာရိပ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။