ကျန်းမာဖို့က အရေးအကြီးဆုံးမို့ ဟင်းချက် စားသောက်တဲ့အခါမှာလည်း မဖြစ်မနေ ကျန်းမာရေးနဲ့ ညီညွှတ်ဖို့ လိုအပ်ပါတယ်။ ဒ့ါကြောင့် နေ့စဉ်စားသောက် ချက်ပြုတ်နေတဲ့ ဟင်းလျာတွေကို အရသာမပျက်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁) ဆားအသုံးပြုမှုကို လျှော့ပါ

ဟင်းလျာတွေအားလုံးနီးပါးက ဆားအသုံးပြုဖို့ လိုပါတယ်။ သို့သော် ဆားစားသုံးတာများရင် သွေးတိုးရောဂါ၊ ကျောက်ကပ် ရောဂါ၊ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ရောင်ရမ်းခြင်းနှင့် အာရုံမစိုက်နိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒ့ါကြောင့် ဆားကို အနည်းငယ်ဘဲ သုံးပြီး ကျန်တဲ့ ဖြည့်စွက်ဟင်းခတ်တွေကို အသုံးပြုလို့ ရပါတယ်။

၂) ကြက်သားမှုန့် အသုံးပြုခြင်း/ အချိုမှုန့် အသုံးပြုခြင်းကို ရှောင်ပါ

ကြက်သားမှုန့်နဲ့ အချိုမှုန့်တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက မိမိ ကျန်းမာရေးအတွက် ယုံကြည်အားကိုးဖို့ရာ အခက်အခဲ ရှိနိုင်ပါတယ်။ အထူးသဖြင့် အချိုမှုန့် စားသုံးခြင်းကို လုံး၀ ရှောင်ကြဉ်သင့်ပါတယ်။

၃) သကြား အညို (သဘာဝသကြား) ကိုသာ သုံးပါ။

သန့်စင်ပြီး သကြား (သကြားအဖြူ) တွေမှာ ချွတ်ဆေးတွေ သုံးထားနိုင်တာကြောင့် သကြား အသုံးပြုတဲ့အခါ သဘာဝသကြား (သကြားအညို)ကိုသာ အသုံးပြုသင့်ပါတယ်။ သကြားအသုံးပြုမှုကိုလည်း လိုတာထက် ပို မသုံးမိဖို့ ဂရုစိုက်သင့်ပါတယ်။

၄) အမျှင်ဓာတ်ပါတဲ့ အစားအစာများကို များများစားပါ

ဖြစ်နိုင်ရင်တော့ ဆန်အညို ၊ ပေါင်မုန့် အညို တို့ စတဲ့ အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာများကို မကြာခဏ စားသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အစားအစာကို စားသုံးရင် အစာချေဖျက်သည့် စနစ်ကို ထောက်ပံ့ပေးပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်သည့်အပြင် ကိုယ်အလေးချိန်ကိုလည်း လျှော့ကျစေပါတယ်။

၅) လတ်ဆတ်သော အသီးအရွက်များကိုသာ စားသုံးပါ။

အသီးအရွက်တွေကိုများများ ချက်ပြုတ်စားသုံးပေးခြင်းက ကျန်းမာရေးအတွက် ကောင်းမွန်သော်လည်း သန့်ရှင်းလတ်ဆတ်သော အသီးအရွက်များ ဖြစ်ဖို့ လိုအပ်ပါတယ်။ အမှည့်လွန်အသီးများနှင့် ရေခဲသေတ္တာထဲတွင် ထည့်ထားတာ အချိန်ကြာသော အရွက်များ၊ လတ်ဆတ်မှုမရှိသော အရွက်များကို လွှင့်ပစ်ဖို့ မနှမြောသင့်ပါ။

၆) အသား၊ငါးများကို ရေစင်အောင် ဆေးကြောပါ။

အသား၊ ငါးတွေလည်း လတ်ဆတ်ဖို့ လိုအပ်ပါတယ်။ ရေခဲသေတ္တာထဲကို အစိမ်းလိုက် သိုလှောင်ထားခြင်းထက် ပြုတ်ပြီး ထည့်ထားခြင်းက ပိုပြီး လတ်ဆတ်စေနိုင်ပါတယ်။ အသား၊ ငါးတွေကို ဝယ်ယူလာပြီးနောက် အနည်းဆုံး ရေ ၃ ထပ်လောက် ဆေးကြောသင့်ပါတယ်။ ဖြစ်နိုင်ရင် ကြက်သား အရေခွံတွေက အရသာရှိပေမယ့် အဆီဓာတ်ပါဝင်မှုတွေ အရမ်းများလွန်းတာကြောင့် ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။

၇) မီးဖိုချောင်သုံးပစ္စည်းမျာကို သန့်ရှင်းသပ်ရပ်စွာ ထားပါ။

မီးဖိုချောင်လည်း သန့်ရှင်းသပ်ရပ်ဖို့ လိုအပ်ပါတယ်။ မိုးတွင်းဘက်မှာဆိုရင် စဉ်းနှီတုံး အများစုက မှိုတက်လေ့ ရှိပါတယ်။ စဉ်းနှီတုံးသုံးခါနီးတိုင်း ရေဆေးသန့်စင်ပါ။ လက်သုတ်ပဝါ၊ ဒယ်အိုးနှင့် အိုးခွက်ပန်းကန်များကို သန့်ရှင်စင်ကြယ်အောင် ဆေးကြောပါ။ အစားအသောက်များကို လုံအောင် ဖုံးအုပ်ထားပါ။

ဒါတွေကိုသိထားခြင်းဖြင့် အရသာမပျက်ပါဘဲ သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွှတ်သော ဟင်းလျာများကို ချက်ပြုတ်စားသောက်နိုင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ ။

သတင်းအရင်းအမြစ် - How to cook to be healthy (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။