သွေးတိုးရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူများအဖို့ နှလုံး အမောဖောက်ခြင်းနှင့် လေဖြတ်ခြင်းအန္တရာယ်ကို အချိန်မရွေး ကျရောက်နိုင်ပါတယ်။ ထို့အပြင် အဆိုပါ ဝေဒနာရှင်များ အနေဖြင့် အစားအသောက် ဆင်ခြင်ခြင်းကို လျှော့တွက် ပြီး လျစ်လျူ မရှုသင့်ပါဘူး။ ဒါ့ကြောင့် သွေးတိုးရောဂါနှင့် နှလုံးရောဂါ ဝေဒနာရှင်များအတွက် မဖြစ်မနေ သိထားပြီး ဆင်ခြင်သင့်သော အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟင်းသီးဟင်းရွက်များကို များများစားပါ။

အစိမ်းရောင် ရှိတဲ့ ဟင်းရွက်တွေနဲ့ လတ်ဆတ်တဲ့ အသီးတွေကို နေ့တိုင်း မဖြစ်မနေ စားသင့်ပါတယ်။ ပဲ၊ ပဲတောင့်ရှည်၊ အစေ့အဆံ၊ အခွံမာသီးတွေကိုလည်း များများစားသင့်ပါတယ်။ ဒီလို အစားအသောက်တွေက သင့်ကို ကျန်းမာစေဖို့ များစွာ အထောက်အကူ ပြုပါတယ်။

(၂) ပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီတွေလို မပြည့်ဝဆီများကို ပိုစားပါ။

ဒီဆီတွေက သွေးကြောထဲရှိ အဆီခဲတွေ ဖြစ်စေမှုကို အားနည်းစေပါတယ်။ ငါးကြီးဆီ များများပါတဲ့ ငါးတွေ စားပါ။ တူနာ၊ ဆော်လမွန်နဲ့ ဆာဒင်းငါးတွေလို ငါးတွေ များများစားပါ။ ငါးကြီးဆီက သွေးကြောထဲက အဆီခဲတွေကို ချေဖျက်ပေးပါတယ်။ ထို့အပြင် သွေးကျစေပြီး နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။

(၃) အဆီနည်းတဲ့ ပရိုတင်းကို စားပါ။

ပဲ၊ အခွံမာသီး၊ ငါးနဲ့ ကြက်သားတွေကို အဓိကစားပေးပါ။ အဆီများတဲ့ အသင့်စား အစားအသောက်တွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပေးပါ။

(၄) အစားအချိန်မှန် စားပါ။

အစာစားချိန်ကို တစ်နေ့ လေးငါးခြောက်ခါ ခွဲစားတာက ကယ်လိုရီတွေ မတက်အောင် ဟန့်တားရာ ရောက်ပြီး သွေးတွင်း သကြားဓာတ်တွေကို လျှော့ချပေးလို့ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်လည်ပတ်စေပါတယ်။ အစားစားချိန်ကို ကျော်သွားခြင်းကလည်း နောက်ထပ် အစားစားသုံးတဲ့အခါ ပိုများစေပြီး ခန္ဓာကိုယ် အလေးချိန် တက်လာစေနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

လှုပ်ရှားနိုင်သမျှ လှုပ်ရှားပေးခြင်းကလည်း နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ နှလုံးကျန်းမာရေး ကောင်းတဲ့အခါ သွေးလည်ပတ်မှုတွေကောင်းပြီး HDL လို့ခေါ်တဲ့ ကောင်းတဲ့ အဆီတွေ တက်လာစေပြီး သွေးတွင်း သကြားနဲ့ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပြီးသား ဖြစ်စေပါတယ်။

(၆) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်ဖြတ်ခြင်းက နှလုံးရောဂါကနေ အသက်ဆုံးရှုံးနိုင်ချေ ၃၃% ကို လျှော့ချပေးပါတယ်။ ဒါ့ကြောင့် လက်ရှိမှာ ဆေးလိပ်သောက်နေသူတွေ ဆေးလိပ်ဖြတ်ဖို့ အကြံပေးချင်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ သိရှိပြီးနောက် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး သာယာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Health Digest (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။