မြန်မာနိုင်ငံတွင် ပထမဆုံးကလေး ကျောက်ကပ်အစားထိုးခြင်းကို မန္တလေး မြို့ ခုတင်(၃၀၀)ဆံ့ ကလေးဆေးရုံမှ နာတာရှည် ကျောက်ကပ်ဝေဒနာရှင် နှစ်ဦးအား ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တွင် မန္တလေးဆေးရုံကြီး ဆီး နှင့် ကျောက်ကပ်ခွဲစိတ်ကုသဆောင်၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်း ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ သဖြင့် ဆေးပညာသမိုင်းတွင် မှတ်ကျောက် တင်နိုင်ခဲ့ကြောင်း ကလေးကျောက်ကပ် ဆရာဝန် ဒေါက်တာ ကျော်သူရကပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၅ ရက် တွင် ခွဲစိတ်အစားထိုးခဲ့သူ လူနာနှစ်တွဲတွင် တွင် ၁၆ နှစ်အရွယ်နှင့် ၁၂ အရွယ် ဖြစ်၍ ကျောက်ကပ်ပေးလှူသူ မိခင်များမှာ ဆေးရုံမှဆင်းသွားပြီ ဖြစ်ပြီး ကလေးများခန္ဓာကိုယ်မှ လက်ခံထား သည့် ကျောက်ကပ်များ ကလည်း ပုံမှန်အတိုင်းအလုပ်လုပ်နေပြီး ဆက်လက်၍ ဆေးရုံတွင် တစ်လခန့် စောင့်ရှောက်ရမည် ဖြစ်သည်။

“ပထမအတွဲခွဲစိတ်မှုမှာ ခုနစ်နာရီ ကြာတယ်။ နောက်ရက် ဒုတိယအတွဲ ခွဲစိတ်မှုမှာ ခြောက်နာရီကြာတယ်။ ဒီက ဆရာဝန်တွေနဲ့ စင်ကာပူက ကလေးကျောက်ကပ်ဆရာဝန်ကြီး တစ်ယောက်ကလည်း ဆက်လက်

စောင့်ရှောက်သွားမယ်။ လူတစ်ယောက် မှာ ပုံမှန်ရှိတဲ့အတိုင်း ကျောက်ကပ် အလုပ်လုပ်နေပြီ။ လှူတဲ့မိခင်တွေ ရော ကလေးတွေပါ ပုံမှန်ရှိပြီး အစာလည်း စားနေပြီဖြစ်လို့ အောင်မြင်မှုက ရာနှုန်းပြည့်နီးပါးပဲ” ဟု ၎င်းက ပြောသည်။

ယခု အစားထိုးခွဲစိတ်ကုသမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ခွင့်ပြုချက်ရယူပြီး ဆေးပညာ ကျွမ်းကျင်ပညာရှင် ၂၂ ဦး ပါဝင်သည့် လုပ်ငန်းကော်မတီ ဖွဲ့စည်းခဲ့ကာ လိုအပ်သည့် ပြင်ဆင်မှုများကြောင့် အခက်အခဲမရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အောင်မြင်ခဲ့သဖြင့် ကလေးကျောက်ကပ် အစားထိုးကုသမှုများကို မတ်လ (သို့မဟုတ်) ဧပြီလတွင် ဆက်လက် အစားထိုးခွဲစိတ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ခုလို အောင်မြင်ခဲ့လို့ ပုံမှန် ကျောက်ကပ် အမြဲသန့်စင်နေရတဲ့ နာတာရှည်ကျောက်ကပ်ဝေဒနာရှင် ကလေးတွေကို ကျောက်ကပ်လဲလှယ် ပေးနိုင်တော့မှာပါ။ ဒါကလည်း မြန်မာနိုင်ငံမှာ ကလေးကျောက်ကပ် အစားထိုးမှုပထမဆုံးဖြစ်ပါတယ်” ဟု ကလေးကျောက်ကပ်ဌာန တာဝန်ခံ ဆရာဝန် ဒေါက်တာချောစုခိုင်က ပြောသည်။

မန္တလေးဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ခွဲစိတ်ကုသဆောင်၌ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကလေးကျောက် ကပ်အစားထိုးခွဲစိတ် ကုသခြင်းကို ကလေးကျန်းမာရေး ပညာဌာန၊ ကလေးခွဲစိတ်ပညာဌာန၊ မန္တလေး ကျောက်ကပ်အစားထိုးအဖွဲ့ နှင့် စင်ကာပူနိုင်ငံမှ အထူးကုဆရာဝန် များပါဝင်သည့် Organ Transplant Team တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ဆေးကုသမှုအပိုင်းတွင် မှတ်တိုင် တစ်ခုစိုက်ထူနိုင်ခဲ့ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။