အထူးသဖြင့် ယောင်္ကျားလေးရော မိန်းကလေးရော လူလတ်ပိုင်း အရွယ်မှာ ချွေးပေါက်ကျယ်ခြင်းကို ခံစားကြပါရပါတယ်။ မျက်နှာ အရေပြားပေါ် အများဆုံး ချွေးပေါက်ကျယ်လေ့ ရှိတဲ့ နေရာကတေ့ နှာခေါင်းနား မျက်ဝန်းအောက် ပါးပြင်ပေါ်တွင် ချွေးပေါက်ကျယ်လေ့ ရှိပါတယ်။ ချွေးပေါက်ကျယ်ခြင်းကို ဂရုမစိုက်ဘဲ ထားလိုက်တဲ့အခါ ပိုမိသိသာလာပြီး တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနိုင်ပါတယ်။ ဘာကြောင့် ချွေးပေါက်ကျယ်တာလဲဆိုတာကို သိရှိပြီး ဆောင်ရန်ရှောင်ရန် အချက်များကိုပါ သိရှိနိုင်စေဖို့အတွက် အောက်ဖော်ပြပါ အကြောင်းအရာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

မျက်နှာပေါ်ရှိ ချွေးပေါက်များက အရေပြားမှာရှိတဲ့ အဆိပ်အတောက်များကို အပြင်ကို ပြန်ထုတ်ပေးတဲ့ လမ်းကြောင်းကလေးများဖြစ်တယ်။ ဒါ့အပြင် အရေပြားရဲ့ ခြောက်သွေ့မှုကို ကာကွယ်ပေးပြီး အစိုဓာတ်နှင့် အဆီဓာတ်ကိုလည်းထိန်းပေးတဲ့ လမ်းကြောင်းလေးများလည်း ဖြစ်ပါတယ်။ လူငယ်လူရွယ်များ လူပျို/အပျို ဝင်ချိန်မှာ ခန္ဓာကိုယ် ဟော်မုန်းပြောင်းလဲမှုကြောင့် မျက်နှာအရေပြားရှိ အဆီတွေကို လိုတာထက် ပိုထုတ်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် အဆီပြန်တတ်သော အသားအရေပိုင်ရှင်များက ခြောက်သွေ့သော အသားအရေပိုင်ရှင်များထက် ချွေးပေါက်များ ပိုကျယ်တတ်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့လည်း အသားအရေ ကြမ်းတမ်းပြီး မညီညာမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

မျိုးရိုးလိုက်ခြင်းကြောင့်လည်း ချွေးပေါက်ကျယ်နိုင်သလို အသားအရေ မထိန်းသိမ်းလို့လည်း ချွေးပေက် ကျယ်နိုင်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းနှင့် အဆီပြန်ခြင်းကို ကာကွယ်ဖို့အရေးကြီးဆုံးနည်းလမ်းကတော့ အချိန်မှန်မှန်နှင့် နည်းလမ်းမှန်ကန်စွာ မျက်နှာသစ်ခြင်းပဲ ဖြစ်ပါတယ်။ မျက်နှာကိုအချိန်မှန်၊ နည်းလမ်းမှန် မသစ်ပါက ထိုချွေးပေါက်များကြား ဆဲလ်အသေများ၊ ဖုန်မှုန့်များ၊ ဘက်တီးရီးယာပိုးမွှားများ ပိတ်ဆို့ပြီး ဝက်ခြံပေါက်လာတတ်ပါတယ်။ မိမိအသားအရေနဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို သုံးပြီး တစ်နေ့ကို တစ်ကြိမ်မှ နှစ်ကြိမ်အထိ မျက်နှာသစ်နိုင်ပါတယ်။ နှစ်ကြိမ်ထက်ပိုပြီး မျက်နှာသစ်ခြင်းကလည်း မျက်နှာအရေပြားကို ပိုမိုခြောက်သွေ့စေပြီး ယားယံခြင်းကို ဖြစ်စေနိုင်တယ်ဆိုတာကို သတိထားစေချင်ပါတယ်။ နောက်ထပ် သတိထားရမယ့် အချက်တစ်ခုကတော့ မျက်နှာကို နေရောင်ရဲ့ တိုက်ရိုက် မထိတွေ့ဖို့ နေလောင်ဒဏ်မှ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဆဲလ်သေဖြစ်ပေါ်မှုကို များစေပြီး သိသိသာသာကျယ်လာစေနိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ချွေးပေါက်ကျယ်ခြင်းကို ဖြစ်စေနိုင်သလို အသက်အရွယ်ကြီးရင့်လာခြင်းကလည်း အသားဓါတ် တစ်မျိုးဖြစ်တဲ့ collagen နှင့် ကျုံ့နိုင်ဆန့်နိုင်တစ်ရှူးတို့ အားနည်းသွားတာကြောင့် အသာအရေများ လျော့တွဲလာပြး ချွေးပေါက်တွေလည်း ပြန်ကျုံ့ဖို့ အချိန်ကြာလာပြီး ချွေးပေါက်များ ပိုမိုကျယ်လာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းဟာ ကျန်းမာရေးထိခိုက်မှုမရှိသော်လည်း အရေပြားမှာ ကြည့်ရဆိုးပြီး အလှပျက်စေနိုင်တာမို့ ဂရုစိုက်ဖို့ အကြံပေးချင်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းကို ကာကွယ်ဖို့ မျက်နှာ အသားအရေကို နေ့စဉ်ပုံမှန် ဂရုစိုက်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ အားလုံးပဲ လှပချောမွေ့သော အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ စန္ဒာလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။