Hair Rebonding လို့ခေါ်တဲ့ ဆံပင် ပြန်လည် ပြုပြင်ခြင်းတစ်မျိုးကလည်း အခုနောက်ပိုင်းမှာ တော်တော်လေး ခေတ်စားလာပါတယ်။ ဆံပင်ကို အကောက်၊ အဖြောင့်၊ ဒစ်ဂျစ်တယ်အကောက်၊ ဆေးဖယောင်းသွင်း အစရှိသလို လုပ်ပြီးနောက်မှာတော့ မိန်းကလေး အများစုက ဆံပင်ကို ပြန်လည်း ပြုပြင်တတ်ကြပါတယ်။ Hair Rebonding ဆိုတာက Chemical နည်းနဲ့ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာဖြစ်ပြီး ဖြောင့်ထားသလိုမျိုး စင်းစင်းလေး ဖြစ်နေတာပါပဲ။ ဖြောင့်စင်းတဲ့ ဆံပင်လေး ရဖို့အတွက် ဆံပင်တွေကို ပြန်လည် စီရီတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။ Hair Rebonding လုပ်ပြီးနောက်ပိုင်း (၃) လ ဒါမှမဟုတ် (၆) လလောက်မှာတော့ ကိုယ့်ဆံပင်အရှည်ပေါ် မူတည်ပြီး ပြန်လည်လုပ်ဖို့ လိုအပ်ပါတယ်။ Hair Rebonding လုပ်ခြင်းရဲ့ ကောင်းကျိုးကတော့ ဆံသားတွေ မပျက်စီးဘဲ ဖြောင့်စင်းနေပြီး ကိုင်လိုက်တာနဲ့ ဆံပင်တွေ အိအိလေး ဖြစ်နေမှာပါ။

တစ်ဆက်တည်းမှာပဲ Hair Rebonding လုပ်ရင် သတိပြုရမည့် အချက်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။သတိထားရမယ့် အချက်ကတော့ Hair Rebouding လုပ်တာက ဆံသားကို ပြောင်းလဲလိုက်တာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ မူလ ဆံသားမျိုး (၁၀၀%) ပြန်မရနိုင်ပါဘူး။ Hair Rebounding လုပ်ပြီးကာမှ ကိုယ့်ရဲ့ ဆံသားတွေ ပိုခြောက်လာတယ်လို့ ခံစားရရင်တော့ သုံးတဲ့ဆေးနဲ့ ဓါတ်မတည့်တာ ဖြစ်နိုင်ပါတယ်။

Hair Rebonding လုပ်ပြီး ဆံပင်ကို နောက်ထပ် ဂရုစိုက်ရမယ့် အချက်တွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့ ဆံပင်ကို ရေမစိုအောင် ထိန်းသိမ်းရမှာပါပဲ။ အနည်းဆုံးတော့ (၇၂) နာရီ သုံးရက်လောက်တော့ ရေမစို၊ ခေါင်းမလျှော်ဘဲ နေရမှာပါ။ Hair Rebonding လုပ်ခဲ့တဲ့ဆိုင်က (၅) ရက် (၇) ရက် ခေါင်းမလျှော်ရဘူး မှာလိုက်ရင်လည်း လိုက်နာဖို့ လိုပါတယ်။ ဆံပင်ကို နားအနောက်ကို သိမ်းတာတွေနဲ့ ကလစ် ညှပ်တာတွေလည်း လုပ်လို့ မရဘူးနော်။ ဖြစ်နိုင်ရင်တော့ ခေါင်းလျှော်ပြီးရင်တောင် ဆံပင်ကိုစည်း ပစ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။

Hair Rebonding လုပ်ပြီးသား ဆံပင်ကို အတတ်နိုင်ဆုံးတော့ အပူမထိပါနဲ့။ ဖြောင့်စက်နဲ့ ဆံပင် ထပ်မဆွဲမိပါစေနဲ့။ Dryer သုံးတဲ့ အခါမှာလည်း လေအေးကိုပဲ အသုံးပြုပေးသင့်ပါတယ်။ နောက်တစ်ခုကတော့ ခေါင်းလျှော်ရည် ရွေးချယ်တဲ့အခါမှာ ပြုပြင်ထိန်းသိမ်းထားတဲ့ ဆံပင်တွေအတွက် သီးသန့်ထုတ်တဲ့ ခေါင်းလျှော်ရည်ကိုသာ သုံးစွဲသင့်ပါတယ်။ Hair Rebonding ကြာရှည်ခံဖို့အတွက် အရွက်တွေနဲ့ လုပ်ထားတဲ့ ဆံပင်ပေါင်းဆေးတွေလည်း သုံးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ခေါင်းရေစိုနေချိန်မှာ ဘီး မဖြီးပါနဲ့။ ဆံပင်ကို sebum လိုမျိုး ဆီလေး တစ်ခုခုလိမ်းပေးရင် ပိုကောင်းပါတယ်။ သံလွင်ဆီ၊ ကြက်ဥတွေနဲ့ သဘာဝ ပေါင်းတင်တာမျိုး လုပ်ပေးရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

Hair Rebonding လုပ်ခြင်းရဲ့ ကောင်းကျိုးတွေ၊ သတိထားရမယ့် အချက်တွေနဲ့ လုပ်ပြီးတဲ့အခါ ဆံသားကို ဂရုစိုက်ရမယ့် အချက်တွေကို သိရှိပြီဆိုရင်တော့ မိန်းကလေးများ အားလုံးပဲ လှပ ကျော့ရှင်းတဲ့ ဆံကေသာလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

အားလုံးပဲ တစ်နေ့ထက် တစ်နေ့ ပို ပိုပြီး လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Onlymyhealth (Google)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။