ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

ကြေညာချက်အမှတ်၊ ၁/၂၀၁၇

၁၃၇၈ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက်

(၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်)

“ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသအတွင်း တိုက်ခိုက်မှုများနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ကြေညာချက်”

၁။ ယနေ့ အချိန်အခါတွင် ပြည်ထောင်စုဖွား တိုင်းရင်းသူ တိုင်းရင်းသားများ အားလုံး ခိုင်မာသော စိတ်ဓါတ်၊ ညီညွတ်သော နှလုံးသား များဖြင့် ငြိမ်းချမ်းရေးဖြစ် စဉ်ကြီး အောင်မြင်စေ ရန် ဝိုင်းဝန်း ဆောင်ရွက်ကြရန် အထူး အရေးကြီး လှပါသည်။

၂။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မကြာသေးခင်ကပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United National Federal Council-UNFC)၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN)နှင့် ဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပြီး UNFC ၏ အဆိုပြုချက် ၉ ချက် အပေါ် သဘောတူညီချက်များ ရရှိရန် မျှော်လင့် ချက်များ ခိုင်မာစေသည့် ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။

၃။ ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission-PC) နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN)တို့ အကြား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင် ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဘက် ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ တိုင်းရင်းသား ပြည်သူများကလည်း ထိုတိုးတက်မှု ရလဒ်များကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလျက် ငြိမ်းချမ်းရေး မျှော်လင့်ချက် ရောင်နီများ လည်း မြင့်တက် လျက် ရှိပါသည်။

၄။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဝမ်းမြောက်ဖွယ်ရာ တိုးတက်မှုများ ရရှိလာခဲ့ပြီး ပိုမို ကျယ်ပြန့်စွာပါဝင်နိုင်ရေး၊ ပိုမိုခိုင်မာ ရှင်သန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် MNDAA လက်နက်ကိုင်အဖွဲ့များ က ယနေ့ နံနက် ၂ နာရီခန့်မှ စတင်၍ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင် နေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါသည်။ ကနဦးရရှိသောသတင်းများ အရ မြို့တွင်းနေရာများသို့ ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသာ မက ဒေသခံ အပြစ်မဲ့ပြည်သူများ ထိခိုက် သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ ရပါသည်။ ယခုကြေညာချက် ထုတ်ပြန်သည့် အချိန်အထိ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေ ဆဲ ဖြစ်ပါသည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်ထောင်စုအတွင်း မှီတင်းနေ ထိုင်ကြသော တိုင်းရင်းသားပြည်သူ အားလုံးအတွက် အကျိုးမဲ့ အချည်းနှီး ဖြစ်စေရုံသာမက တိုက်ခိုက်မှုများ ဖြစ်ပွားရာ ဒေသရှိ ဌာနေမျိုးနွယ်စုများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများကို တိုက်ရိုက် ဆိုးကျိုး သက်ရောက်စေကာ ဒုက္ခပင်လယ် ဝေစေပါသည်။

၅။ သို့ဖြစ်၍ ဒေသခံ ဌာနေမျိုးနွယ်စုများ သေကြေ ထိခိုက်စေပြီး အပြစ်မဲ့ပြည်သူများ ဒုက္ခ ကြုံတွေ့စေသော လက်နက်ကိုင်တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန်၊ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူများ အားလုံး ခေတ်အဆက် ဆက် မျှော်လင့် တောင့်တ လျက် ရှိသော ငြိမ်းချမ်းရေးခရီးကို တန်းတူရည်တူ စိတ်တူကိုယ် တူဖြင့် အတူတစ်ကွ လျှောက်လှမ်းကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။

အောင်ဆန်းစုကြည်

ဥက္ကဋ္ဌ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။