လက်မပါပဲ ဝေဟင်အထက်မှာငှက်ကလေးတစ်ကောင်လို လေယာဉ်တစ်စီးကို ပျံဝဲမောင်းနှင်နိုင်တယ်ဆိုရင် ပရိသတ်တွေ ယုံနိုင်ပါ့မလား။ဂျက်ဆီကာကောက်စ်လို့အမည်ရတဲ့ အမျိုးသမီးလေးကတော့ ခုလိုလုံးဝမယုံနိုင်စရာကိစ္စကို အားလုံးရှေ့မှာ မျက်မြင်ကိုယ်တွေ လုပ်ပြသွားခဲ့ပြီး လက်နှစ်ဖက်မရှိဘဲ လေယာဉ်မောင်းနှင်နိုင်သူ ကမ္ဘာ့ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။သူမဟာ ခုလိုလိုင်စင်ရ ပိုင်းလော့တယောက်ဖြစ်လာ အချိန်၃နှစ်လောက် ပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ခဲ့ရတယ်လို့သိရပါတယ်။  

ဂျက်ဆီကာကောက်စ်ဟာ သူမဘဝမှာဘယ်အရာကိုမဆို ခြေထောက်နှစ်ဖက်ကိုသာ အသုံးပြုခဲ့ရပြီး စာရေးတာ၊ ပီယာနိုတီးခတ်တာ၊ ကားမောင်းတာ စတဲ့အရာတွေကိုတောင် ခြေထောက်နဲ့ပဲ လုပ်နိုင်စွမ်းရှိသူတယောက်ပဲဖြစ်ပါတယ်။လေယာဉ်မောင်းနှင်ဖို့အတွက်ကတော့အရမ်းကိုခက်ခဲတဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပြီး ခြေရောလက်ပါ လိုအပ်တာမို့ ခုလိုဖြစ်လာဖို့ အများကြီး လေ့ကျင့်ကြိုးစားခဲ့ရကာ ပြင်းထန်တဲ့ ဝေဖန်မှုတွေလည်းခံစားခဲ့ရတယ်လို့သိရပါတယ်။ဂျက်ဆီကာကောက်စ်ကတော့အခုလို ထူးခြားမှုတွေအပြင် ရေလွှာလျှောစီးတာမျိုးနဲ့ တိုက်ကွမ်ဒိုအားကစားမှာတောင် ခါးပတ်နက်အဆင့် ရရှိထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ သူမဟာ နိုင်ငံပေါင်း ၂၃ နိုင်ငံလောက် ရောက်ရှိခဲ့ပြီးဖြစ်ကာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ဘဝကို ဘယ်လိုဖြတ်ကျော်မလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုနိုင်သူတယောက် ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။ တယောက်ယောက်က သူတို့ဘဝမှာ မဖြစ်နိုင်ဘူးလို့ထင်တဲ့ အရာတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ရချိန်မှာ မဖြစ်နိုင်ဘူးလို့ ပြောလာခဲ့ရင် သူကတော့ အောင်မြင်မှုရဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့သာ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ ဘရွတ်တ်အမေရိက ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှာ လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက မျှဝေထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။