" ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့သက်တမ်းတစ်ခုမှာ ဒီလိုမျိုးကေ့စ်ကြုံဖို့ဆိုတာ ချန့်စ် (အခွင့်အရေး) တော်တော်လေးနည်းပါတယ်။ တကယ်ကတော့ ဒီကေ့စ်ဟာ ကျွန်မရဲ့သက်တမ်းမှာ စက်ကန်းကေ့စ် (ဒုတိယအကြိမ်ခွဲစိတ်မှု) ဖြစ်ပါတယ်။ ဖက်စ်ကေ့စ် (ပထမအကြိမ်ခွဲစိတ်မှု) က ၂၀၁၁ ခုနှစ်မှာ ကျွန်မတွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ မကျော်ကြားသင့်တဲ့ ကျော်ကြားမှုမျိုး မလိုချင်လို့ အမှောင်ချပြီးတော့ပဲ ကျွန်မတို့ ခွဲစိတ်ခဲ့တာပေါ့။ နောက်တစ်ချက်ကတော့ လူနာဘက်ကိုကြည့်ပြီးတော့ မီဒီယာကိုလည်း မပြောပြခဲ့ပါဘူး။ "

သုံးလသားကလေးငယ်ရဲ့ဝမ်းဗိုက်ထဲမှာ အတူပါလာတဲ့ သန္ဓေသားအပို သုံးမြွှာပူးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့တဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနော်မာသေး ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို ၂၀၁၆ ဒီဇင်ဘာ ၁၉ ရက်မှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ မိခင်ဝမ်းထဲမှာ လေးမြွှာပူးသန္ဓေတည်ရမယ့် သန္ဓေသားလောင်းတွေဟာ မိခင်ဝမ်းဗိုက်ထဲမှာ တစ်ဦးသာ သန္ဓေတည်မွေးဖွားခဲ့ပြီး ကျန်တဲ့သန္ဓေသုံးခုကတော့ မွေးဖွားပြီးရင်သွေးငယ်ရဲ့ဝမ်းဗိုက်အတွင်းမှာ မှားယွင်းသန္ဓေတည်လာတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မျိုးဟာ ပုံမှန်မွေးဖွားသူငါးသိန်းမှာ တစ်ဦးသာဖြစ်နိုင်ချေရှိတဲ့ အခြေအနေဖြစ်ပြီး မှတ်တမ်းမှတ်ရာတွေအရ ခုလိုမှားယွင်းသန္ဓေတည်မှုမျိုးဟာ တကမ္ဘာလုံးမှာမှ ရ၀၀ သာရှိသေးတယ်လို့ ဆိုပါတယ်။

ဒေါက်တာ နော်မာသေးအနေနဲ့ ခုလို ကလေးဗိုက်ထဲမှာ ကလေးရှိနေတဲ့အနေအထားကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာခွဲစိတ် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ်ခွဲစိတ်မှုကို ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်ကို ခက်ခက်ခဲခဲနဲ့ ခွဲစိတ်ပေးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယအကြိမ်ခွဲစိတ်မှုကတော့ အသက် ၃ လအရွယ်ကလေးငယ်ဖြစ်နေတဲ့အတွက် ပထမအကြိမ်ထက် ပိုပြီးခက်ခဲခဲ့သလို သန္ဓေသားကလည်း သုံးခုဖြစ်နေပါတယ်။ အခုတော့ ခွဲစိတ်အောင်မြင်သွားတဲ့ကလေးငယ် ၂ ဦးလုံး ကျန်းမာစွာရှိနေကြပြီး ပထမကလေးငယ်ဟာ ကျောင်းတက်နေပြီ ဖြစ်ပါတယ်။

ဒါ့ပြင် ဒေါက်တာနော်မာသေးဟာ လူနာတွေဘယ်လောက်များများ လူနာတွေကို အပြံုးမပျက် ခွဲစိတ်ပေးနေသူ၊ မာန်မာနမထားတတ်သူ၊ သူနာပြုတွေနဲ့ ၀န်ထမ်းတွေကို ချစ်ခင်စွာ လက်တွဲဆောင်ရွက်တတ်သူ၊ အောင်မြင်တဲ့ခွဲစိတ်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ခွဲစိတ်ခြင်းအတတ်နဲ့ ကျွမ်းကျင်မှုပေါင်းစပ်လို့ မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင်စိုက်ပေးနိုင်ခဲ့သူ ဒေါက်တာနော်မာသေးကို ၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ရဲရင့်သောအမျိုးသမီးတစ်ဦးအဖြစ် ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။

#BeBoldForChange #WomenInMyanmarSociety #IWD2017

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။