ကြည်လင်ရွှင်လန်းတဲ့သူ၊ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။ ကြည်လင်ရွှင်လန်းတဲ့သူ၊ ငြိမ်းချမ်းတဲ့သူဖြစ်ဖို့ တာဝန်လည်း ရှိပါတယ်။ ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်။ မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး။

စိတ်အေးချမ်းတဲ့သူဟာ ကိုယ့်ဘဝမှာ တကယ်အရေးအကြီးဆုံး အလေးနက်ဆုံး တန်ဖိုးအရှိဆုံးဖြစ်တဲ့ အသိဉာဏ်တွေရဖို့ လုပ်နိုင်တယ်။ ကိုယ့်ကိစ္စအတွက် ကိုယ့်ကိုယ်ကို အချိန်ပိုပေးနိုင်တယ်၊၊ သင့်ရဲ့စိတ်ငြိမ်းချမ်းမှုထက် ပိုပြီးတန်ဖိုးရှိတဲ့အရာ ဘယ်လိုအရာမျိုးမှမရှိပါဘူး။ တည်ငြိမ်အေးချမ်းပြီးတော့ အသိဉာဏ်ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်ဖို့အရေးဟာ ဘဝမှာ အရေးအကြီးဆုံးဖြစ်တယ်။ ဘာဘွဲ့မှမရ၊ ဘာအတန်းမှမအောင်လည်း သူ့ဘဝကိုသူ အေးအေးချမ်းချမ်း သတိနဲ့ယှဉ်ပြီး၊ ဉာဏ်နဲ့ယှဉ်ပြီး နေသွားတဲ့သူကို ဘဝကိုအောင်အောင်မြင်မြင်နေသွားတဲ့သူလို့ ဆိုနိုင်တယ်၊၊ ပစ္စည်းဥစ္စာတွေအများကြီးရှိပေမယ့်၊ ရာထူး အမြင့်ကြီးရှိပေမယ့် စိတ်အေးချမ်းမှုမရှိရင် မအောင်မြင်တဲ့သူပဲ။

လေးနက်တဲ့ မြင့်မြတ်တဲ့အသိဉာဏ်ရှိလေလေ စိတ်အေးချမ်းမှုရလေလေ အောင်မြင်လေလေလို့ ပြောလို့ရတယ်။ ဒီလိုမဟုတ်ဘဲနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့စိတ်ထားနဲ့ အသိဉာဏ်မရှိတဲ့သူဟာ ပစ္စည်းဥစ္စာရှိလေလေ အကုသိုလ်များလေလေ ဖြစ်လာတာပဲ။ ရာထူးကြီးလေလေ မကောင်းမှုပိုလုပ်လေလေ ဖြစ်လာတာပဲ။ အဲဒီလို မတရားမှုတွေ၊ မကောင်းမှုအကုသိုလ်တွေကို လုပ်ထားတဲ့အတွက်ကြောင့် စိတ်မချမ်းသာမှုဆိုတာ ဖြစ်နေမှာပဲ။

တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ အဆင့်အတန်းနိမ့်တဲ့စိတ်မျိုးဖြစ်တယ်။ သူတစ်ပါးကိုငဲ့ညှာထောက်ထားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ dignity မရှိဘူး။ တည်ကြည်ခန့်ညားမှု၊ ဣန္ဒြေသိက္ခာ မရှိဘူး။ လေးနက်မှု၊ မြင့်မြတ်မှု မရှိဘူး။ စိတ်ကြည်လင်အေးချမ်းမှုလည်း မရှိဘူး။

ရဖို့ထက် သိဖို့က ပိုအရေးကြီးတယ်။ ရတာထက် သိတာက ပိုတန်ဖိုးရှိတယ်၊ ပိုအကျိုးရှိတယ်။ ကျေနပ်မှု အေးချမ်းမှု ပိုပေးတယ်။ လူအများဟာ သိဖို့ထက် ရဖို့ကို ပိုဦးစားပေးကြတယ်။ ဒါကြောင့် မအေးချမ်းတာဘဲ။ မသိတဲ့သူဟာ မရလည်းဒုက္ခ၊ ရလည်း ဒုက္ခပါပဲ။

စိတ်ရဲ့ကြည်လင်မှု၊ အေးချမ်းမှု၊ သန့်ရှင်းမှု၊ အသိဉာဏ်ရဲ့နက်နဲမှုအပေါ်မှာမူတည်ပြီးတော့ ကိုယ့်ဘဝရဲ့အရည်အသွေးဆိုတာ ဖြစ်လာတာပဲ။ ကိုယ့်ဘဝမှာ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ ဖြစ်လာတာပဲ။

သင်ဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကိုရပြီဆိုရင် သင့်အတွက် အကျိုးဖြစ်ထွန်းစေမှုမရှိတဲ့အတွေးတွေနဲ့ စိတ်ရဲ့တုန့်ပြန်မှုတွေကို အလိုအလျောက်ပယ်လိုက်မယ်။

လောကကြီးကိုတန်ဖိုးထားဖို့ဆိုတာ ကိုယ့်စိတ်မှာ အေးချမ်းမှုရှိရမယ်။ အေးချမ်းမှုရှိမှ နူးညံ့သိမ်မွေ့မှုဖြစ်လာတယ်၊ နက်နဲမှုရှိလာတယ်။ အေးချမ်းမှုမရှိရင် နူးညံ့သိမ်မွေ့မှု၊ နက်နဲမှုဆိုတာ မဖြစ်တော့ဘူး။

ကိုယ့်စိတ်ထဲမှာငြိမ်းချမ်းမှုရှိတဲ့သူ၊ ကိုယ့်ကိုယ်ကို မကျေနပ်မှုမရှိတဲ့သူ၊ ကိုယ်မြတ်နိုးတဲ့အလုပ်ကို လုပ်နေတဲ့သူ၊ ကိုယ့်ကိုယ်ကို လေးစားတဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ ချစ်တဲ့သူဟာ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်စိတ်ဓာတ်နဲ့အသိဉာဏ် ထိခိုက်မယ့်ကိစ္စကို ဘယ်တော့မှမလုပ်ဘူး။ လူတွေ ဘာဖြစ်လို့မငြိမ်းချမ်းဘူးလဲမေးရင် အရိုးဆုံးအဖြေက မငြိမ်းချမ်းတာတွေကိုတွေးနေလို့ မငြိမ်းချမ်းတာပါ။ ငါးမိနစ်လောက် မငြိမ်းချမ်းတာတွေကိုမတွေးဘဲနဲ့ နေကြည့်ပါ။ သူ့အလိုလို ငြိမ်းချမ်းသွားမှာပဲ။

ငြိမ်းချမ်းပြီးတော့ တိတ်နေတဲ့စိတ်၊ သတိအားပြည့်ပြီး ကြည်လင်နိုးကြားနေတဲ့စိတ်၊ လင်းနေတဲ့စိတ်၊ ပေါ့ပါးသန့်ရှင်းနေတဲ့စိတ်ဟာ ရှင်းလင်းတိကျတဲ့အမြင်ကို ဖြစ်ပေါ်စေနိုင်တယ်။ ခဏလေးစိတ်တည်ငြိမ်အေးချမ်းပြီး ပေါ့ပါးတဲ့စိတ်နဲ့နေနိုင်ရင်တောင် စိတ်အားပြည့်လာမယ်၊ စိတ်ချမ်းသာလာမယ်။ နေ့တိုင်း ကြည်လင်အေးချမ်း သန့်ရှင်းပေါ့ပါးတဲ့စိတ်မျိုးနဲ့ ခဏလောက်နေနိုင်ရင် တနေ့တခြား အသိဉာဏ် ပိုပြီးနက်နဲလာမယ်။

ကိုယ်က စိတ်ကြည်လင်အေးချမ်းပြီးတော့ စိတ်ထားက အဆင့်အတန်းမြင့်နေတဲ့အခါမှာ သူများက ပြောမှားဆိုမှားရှိရင်တောင်မှ ကိုယ်က ပြေပြေလည်လည်ပြန်ပြောလိုက်တယ်။ အဲဒီလိုဆိုရင် ပြဿနာအသေးလေးက အကြီးကြီးဖြစ်မလာဘူး။ ပြဿနာအသေးက ပျောက်သွားတယ်။

အသိအမြင်ရှင်းဖို့ဆိုတာ စိတ်တည်ငြိမ်မှ၊ စိတ်ချမ်းသာမှ ရမယ်။ စိတ်မတည်ငြိမ်တဲ့သူ စိတ်ဆင်းရဲနေတဲ့လူဟာ အသိအမြင်မရှင်းဘူး။ တည်ငြိမ်မှု၊ အေးချမ်းမှုရှိမှ အမှန်ကိုသိနိုင်တယ်။ စိတ်တည်ငြိမ်အေးချမ်းတဲ့လူဟာ မှတ်ဉာဏ်လည်းပိုကောင်းလာတယ်။ အထူးသဖြင့် ဆက်စပ်ပြီးတော့စဉ်းစားလို့ရတယ်။ ထိုးထွင်းပြီးတော့မြင်တယ်။ မတည်ငြိမ်မအေးချမ်းတဲ့လူဟာ မေ့လွယ်တယ်။ စိတ်တည်ငြိမ်အေးချမ်းရင် ဘာအလုပ်ပဲလုပ်လုပ် အချိန်ကုန်သက်သာတယ်။ လူပင်ပန်းလည်းသက်သာတယ်။ မြန်မြန်ဆန်ဆန် အေးအေးဆေးဆေးပြီးတယ်။ အမှားအယွင်းနည်းတယ်။

ကိုယ့်ဘဝ အခြေအနေပေးရင်ပေးသလောက် စိတ်အေးချမ်းအောင် အသိဉာဏ်ကောင်းသထက်ကောင်းအောင် ကြိုးစားပြီးလုပ်တဲ့အကျင့်ကို ငယ်ငယ်ထဲက လုပ်သင့်တယ်။ အဲသလို ငယ်ငယ်ထဲကလုပ်ရင် သိပ်အသက်မကြီးသေးခင်မှာပဲ စိတ်နေသဘောထားကော အသိဉာဏ်ကော အများကြီး လေးနက်ရင့်ကျက်သွားလိမ့်မယ်။ တစ်ဘဝက နှစ်ဘဝစာလောက်ဖြစ်သွားလိမ့်မယ်။ ဘဝကိုနေရတာ တကယ်တွက်ခြေကိုက်လာမယ်။

စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင်သလောက် မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများမကောင်းကြောင်း မပြောဘဲနေတာ ကောင်းတယ်။

စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ တွေးခေါ်ပုံ အရင်ကနဲ့မတူတော့ဘူး။ တန်ဖိုးထားတာတွေ မတူတော့ဘူး။ အရင်တုန်းက ပစ္စည်းဥစ္စာ၊ အပျော်အပါး၊ ကျော်ကြားမှု၊ ဂုဏ်ပကာသနကို သိပ်မက်တဲ့လူဟာ စိတ်တကယ်ငြိမ်းချမ်းသွားတဲ့အခါမှာ အဲဒါတွေက သိပ်ကလေးဆန်တယ်ဆိုတာ သိလာတယ်။ အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း သိတယ်။ အယူအဆမတူတာရှိလာပြီဆိုရင် မျှမျှတတကြည့်တတ်လာတယ်။ ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့အောင်ကြည့်ဖို့ သဘောထားကြီးကြီး ထားတတ်လာတယ်။ ကိုယ်လိုသလို တစ်ဖက်သတ်အဓိပ္ပါယ်မကောက်ဘူး။ တစ်ကိုယ်ကောင်းမဆန်ဘူး။ တစ်ဖက်သတ် အနိုင်မယူဘူး။ တစ်ခုခုကြုံကြိုက်လာရင် ချက်ချင်းပြန်ပြီးတော့ မတုံ့ပြန်ဘူး။ သူ့မှာ သတိရှိတယ်၊ ဉာဏ်ရှိတယ်၊ ချင့်ချိန်နိုင်တယ်။ သတိမပါ ဉာဏ်မပါဘဲနဲ့ မြင်တိုင်းကြားတိုင်း စိတ်က အလိုအလျောက်တုံ့ပြန်နေမယ်ဆိုရင်တာ့ လွတ်လပ်တဲ့သူမဟုတ်ဘူး။

အမြဲတမ်း အပြစ်တင်နေတတ်တဲ့သူရဲ့အနားမှာ ဘယ်သူမှမနေချင်ဘူး။ အမြဲတမ်းမကျေမနပ်ဖြစ်နေရင် ကိုယ့်မှာ ပူလောင်တဲ့စိတ်ဖြစ်ရသလို ပတ်ဝန်းကျင်ကလူတွေကိုလည်း ပူလောင်မှုတွေကူးစက်ပါတယ်။ ငါလည်း သူတစ်ပါးကို လွန်လွန်ကျွံကျွံအပြစ်မတင်တဲ့သူဖြစ်အောင် ပြောချင်နေတဲ့စိတ်ကိုသိအောင် ကြိုးစားမယ်။ ပြောတဲ့အခါလည်း ငါ့အသံနေအသံထားနဲ့ စကားလုံးအသုံးအနှုံးကို သတိထားမယ်ဆိုတဲ့စိတ်ကို ခံယူထားသင့်တယ်။ ငြိမ်းချမ်းတဲ့စိတ်၊ နူးညံ့တဲ့စိတ်နဲ့ တတ်နိုင်သလောက်နေမယ်။ ငြိမ်းချမ်းတာ၊နှုးညံ့တာနဲ့ ပျော့ညံ့တာဟာ မတူဘူးလို့သဘောပေါက်ထားရင် ငြိမ်းချမ်းတာ၊နူးညံ့တာဟာ ခိုင်မာမှုရှိလို့၊ ရင့်ကျက်မှုရှိလို့ဆိုတာကို မြင်လာပါလိမ့်မယ်။

သတိရှိတဲ့လူ၊ ဉာဏ်ရှိတဲ့လူ၊ စိတ်မှာငြိမ်းချမ်းနေတဲ့လူဟာ မြင်ရ တွေ့ရ ကြားရတဲ့ အတွေ့အကြံုတွေက မိမိရဲ့စိတ်ကို လွန်လွန်ကဲကဲအနှောင့်အယှက်ဖြစ်သွားအောင် ခွင့်မပြုဘူး။ အဲဒီတော့ ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီဆိုရင် ကိုယ့်ကိုယ်ကိုပြန်သတိပေးပါ။ ငါ ဖြစ်ခွင့်ပြုလိုက်ပြီ။

တကယ်လေးနက်မြင့်မြတ်တဲ့ အသိဉာဏ်ကိုလိုချင်ရင် စိတ်ကို ငြိမ်းချမ်းအောင်ထားရမယ်။ မဖြစ်စလောက်ကိစ္စနဲ့ စိတ်ပင်ပန်းအောင် မလုပ်သင့်ဘူး။ မဖြစ်စလောက်ကိစ္စနဲ့ ကိုယ်ပင်ပန်းနွမ်းနယ်အောင် မလုပ်သင့်ဘူး။ မသွားသင့်တဲ့အပိုခရီးတွေ၊ မကြည့်သင့်တဲ့အပိုကိစ္စတွေ၊ မပြောသင့်တဲ့အပိုစကားတွေ၊ နားမထောင်သင့်တဲ့အပိုစကားတွေကိုလည်း နားမထောင်သင့်ဘူး။ အပိုတွေမှန်သမျှ လျှော့ရမှာပဲ။ ကိုယ့်ရဲ့အချိန်နဲ့အင်အားကို ချွေတာသင့်တယ်။

မိဘတွေကိုယ်တိုင်က တရားကို ကြိုးကြိုးစားစားကျင့်ကြံအားထုတ်ထားပြီးတော့ ကိုယ်တိုင်က ငြိမ်းချမ်းတဲ့စိတ်ကိုရတဲ့သူဖြစ်မှ ကို်ယ့်သားသမီးတွေကို ငြိမ်းချမ်းတဲ့စိတ်ကိုရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ တဖြည်းဖြည်းသင်ပေးနိုင်တယ်။ ဆရာ၊ ဆရာမတွေလည်းပဲ ငြိမ်းချမ်းတဲ့စိတ်ကို ကိုယ်တိုင်ရအောင်ကျင့်ကြံထားပြီး တပည့်တွေကို သင်ပြပေးသင့်တယ်။ ဒါမှသာ ကလေးတွေကို ဘဝမှာတကယ်အကျိုးများတဲ့ပညာကို သင်ပေးရာရောက်တယ်။ ငြိမ်းချမ်းတဲ့စိတ်ကိုရအောင် လုပ်လာတဲ့ကလေးဟာ မိုက်မိုက်မဲမဲ မစဉ်းစားမဆင်ခြင်ပဲ ဘာကိုမှ လုပ်မှာမဟုတ်တော့ဘူး။

လောကီကိစ္စတွေကို အရေးကြီးတယ်ထင်ပြီးတော့ အဲဒီထဲမှာပဲ အချိန်တွေအများကြီး ကုန်ကုန်သွားနေကြတာပဲ။ တရားအားထုတ်ဖို့ အချိန်မပေးနိုင်ကြဘူး။ လောကီကိစ္စတွေ အဆင်ပြေနေတုန်းမှာလည်းပဲ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကို အေးချမ်းအောင်၊ သက်သာအောင် ထားရမယ်။ ဒီလို အေးချမ်းအောင်၊ သက်သာအောင်ထားတဲ့အလေ့အကျင့်ကို မလုပ်လာတဲ့လူဟာ အကြီးအကျယ်ဒုက္ခရောက်တဲ့အခါကျရင် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတတ်တယ်။

စိတ်ငြိမ်းချမ်းအောင် နေ့စဉ်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မငြိမ်းချမ်းအောင်လုပ်နေတဲ့အရာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ရှိနေလို့ပါ။ လုပ်တတ်ရင် အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။ နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။ ဘယ်အချိန်ကျမှ၊ ဘယ်နေရာကျမှလို့ အချိန်ရွှေ့နေဖို့၊ နေရာရွေးနေဖို့ မလိုပါဘူး။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေ၊ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။ ကိုယ့်သားသမီးတွေကို တရားအမွေ ပေးပါ။

ဆရာတော်ဦးဇောတိက

(မဟာမြိုင်တောရ)

တွးမိတိုင်းပျော်တယ်

စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

(page 259-264)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။