လက်တလောပြည်တွင်းမကြာခဏကြားသိနေရတဲ့ ဗုံးထောင်မှုဖြစ်စဉ်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ တွေ့ရှိခဲ့တဲ့ ဗုံးအများစုကတော့ လက်လုပ်ဗုံးတွေဖြစ်ပြီး လူများစွာရှိနေတဲ့ ဈေးကြီးတွေမှာအများစွာတွေ့ရကြောင်း သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၈ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ဈေးအတွင်း လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ရကြောင်း သိရပါတယ်။ 

အဆိုပါ ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်းဈေး၊ E ရုံ ရှိ အပ်ချုပ်ဆိုင်တစ်ဆိုင်တွင် ဒီဇယ်ပုလင်း အတွင်း သံတို သံစထည့်ထားကာ ဝါယာကြိုးဖြင့် မီးပလပ် ကို ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းပုံစံ ပြုလုပ်ထားသည့် အရာကို တွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။ “မနက်ခင်းမှာ အပ်ချုပ်ဆိုင်ဝန်ထမ်းတွေက ရောက်တော့ ဒါကို သွားတွေ့တာပေါ့။ တကယ်လို့သာ သတိမမူပဲနဲ့ ခလုတ်တွေ ဘာတွေ ဖွင့်လိုက်ရင် ပေါက်ကွဲမှုလည်း ဖြစ်နိုင်တာပေါ့ဗျာ။ သူတို့ ကတွေ့တော့ စည်ပင်ကို အကြောင်းကြား ကျွန်တော်တို့ဆီလည်း သတင်းပို့တယ်။ ၁၀ နာရီလောက်မှာ သက်ဆိုင်ရာ GE တပ်က အဖွဲ့တွေ လေးယောက်လောက် ရောက်လာပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ဒါကို ရှင်းကြတယ်။ ၁၂ နာရီ လောက်မှာ ပြီးစီးပြီ ဆိုပြီး ကျွန်တော့်ဆီ သတင်းပို့ပါတယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပြခဲ့ပါတယ်။ 

“GE တပ်က လူတွေ ရဲတပ်ဖွဲ့တွေ စစ်တဲ့ အခါမှာတော့ ယမ်းတွေ ဘာတွေတော့ မပါဘူးပေါ့ဗျာ။ စမ်းသပ်တဲ့ အခါ ပေါက်ကွဲနိုင်တဲ့ အနေအထားမရှိဘူးလို့ သူတို့ ဘက်က သုံးသပ်ထားတယ်” လို့၎င်းက ထပ်မံပြောကြားထားတာတွေ့ရပါတယ်။ ဒီကနေ့ အင်းစိန်ဈေးအတွင်းတွေ့ရှိခဲ့တဲ့ လက်လုပ်မိုင်းပုံစံပြုလုပ်ထားသော အရာကိုချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Pyi Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။