ကမ္ဘာကျော် မာနီ စိန်တွင်းကြီးဟာ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအရှေ့ပိုင်း Sakha ဒေသက မာနီ(Mirny) မြို့အနီးမှာ တည်ရှိပါတယ်။ သူ့ကို Mirny mine လို့ ခေါ်သလို Mir mine လို့လည်း ခေါ်ပါတယ်။ တွင်းဝင်အကျယ် ၃၉၀၀ပေ ရှိပြီး အနက်ကတော့ ၁၇၂၂ပေ ရှိပါတယ်။ ကမ္ဘာပေါ်က လူတွေတူးဖေါ်ခဲ့သမျှ တွင်းကြီးတွေထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး စတုတ္တ အနက်ဆုံးတွင်းလည်း ဖြစ်ပါတယ်။ ပထမအကြီးဆုံး မိုင်းတွင်းကတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ အကျယ် ၂.၅မိုင်ရှိပြီး မိုင်ဝက်ခန့်နက်တဲ့ Bingham Canyon Mine ဖြစ်ပါတယ်။ 

ဒီနေရာမှာစိန်တွေ ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ဆိုဗီယက်ဘူမိဗေဒ ပညာရှင်တွေကတော့ Ekaterina Elagina, Yuri Khabardin, နဲ့ Viktor Avdeenko တို့ဖြစ်ပါတယ်။ မာနီ စိန်တွင်း ကို ၁၉၅၇ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စိန်များ တူးဖော်ခဲ့ပါတယ်။ ဒီလိုစတင်တူးဖော်တဲ့ ရလမှာတော့ တော်တော် ဒုက္ခရောက်ခဲ့ရပါတယ်။ ဆောင်းတွင်းရာသီဥတု အလွန်ပြင်းထန်ပြီး ရေခဲမှတ်အောက်ကို ရောက်နေလို့ပါ။ အေးလွန်းတာကြောင့် မိုင်းတွင်းမှာသုံးတဲ့ ကားဘီတာယာတွေ ကွဲထွက်သလို လောင်စာဆီတွေ ခဲတဲ့အထိ ဖြစ်ပါတယ်။ တူးဖော်ရေး အလုပ်သမားတွေဟာ ဂျက်အင်ဂျင်တွေ နဲ့ ဒိုင်းနမိုက်တွေကို အဓိကသုံးကာ တူးခဲ့ကြပါတယ်။

မာနီစိန်တွင်းပေါ်ကို လေယာဉ်ပျံများ ဟယ်ရီကော်ပတာများ ဖြတ်ပျံသန်းခြင်းကို တားမြစ်ထားပါတယ်။ ဒီတွင်းဟာ လေယာဉ်တွေကို ဆွဲငင်တယ်လို့ ယူဆခဲ့ကြပြီး ဖြတ်ပျံသန်းခဲ့တဲ့ ရဟတ်ယာဉ် တစ်စင်းဟာလည်း တွင်းထဲကို ပျက်ကျခဲ့ဖူးပါတယ်။ ဆိုဗီယက်ပြိုကွဲစဉ်ကာလမှာ ၁နှစ်ခန့် နားခဲ့သေးပြီး အဲဒီနောက်မှာတော့ ရုရှားနိုင်ငံဟာ ပြည်တွင်းကုမ္ပဏီ အနည်းငယ်ကို တူးဖော်ခွင့်ပေးခဲ့ကာ စိန်များ ဆက်လက်တူးခဲ့ပြီး ၂၀၀၄ခုနှစ်မှာတော့ အရည်အသွေးမပြည့်တဲ့ စိန်တွေသာ တူးဖော်ရရှိတာအပြင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း အလွန်အမင်း ထိခိုက်လာတာကြောင့် မာနီစိန်တွင်းကြီးကို အပြီးတိုင် ပိတ်သိမ်းလိုက်ပါတော့တယ်။

Source : သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။