ငလျင်ဗဟိုနဲ့အနီးဆုံးတိုက်ကြီးဟာ ငလျင်ဒဏ်ကိုပြင်းထန်စွာခံရတဲ့နေရာမို့ပျက်ဆီးဆုံးရှုံးမှုများလဲရှိခဲ့ပါတယ် ။ ငလျင်မှာမနေ့ညကနောက်ဆက်တွဲ ဆက်လှုပ်နေခဲ့ပြီးတိုက်ကြီးမြို့ရှိပြည်သူများဟာ နေအိမ်အတွင်းမှာတောင် မနေရဲတော့ဘဲနေအိမ်ပြင်ပတွေမှာထွက်နေနေကြရပါတယ် ။ ထိခိုက်ဒဏ်ရာရရှိသူတွေကိုတိုက်ကြီးပြည်သူ့ဆေးရုံ ကိုပို့ဆောင်ပြီး အသင်းအဖွဲ့များက ကူညီနေကြပါတယ် ။တိုက်ကြီးမှာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအားချင်းဆောင်ရွက်နေတဲ့မီးသတ်ဌာနကတိုက်ကြီးငလျင်ကြောင့်ပျက်ဆီးမှုစာရင်းကို အောက်ပါအတိုင်းတရားဝင်ထုတ်ကြေညာလိုက်ပါတယ် ။

(၁၃.၃.၂၀၁၇)ရက်နေ့၊ (၂၀ ၄၉)အချိန်ခန့်တွင် ကမ္ဘာအေးမြေငလျှင်စခန်းမှ အနောက်မြောက်ဘက် ၂၂မိုင်ခန့်ကွာဝေးသော ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့၏ အနောက်တောင်ဘက်(၅)မိုင်အကွာကို ဗဟိုပြု၍ ရစ်စတာ စကေး(၅.၈)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ကျား ၇ဦး၊ မ ၁၇ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကိုကိုကြီးဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ လတ်တလောရရှိသည့် သတင်းများအရ ပျက်စီးဆုံးရှုံးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) တိုက်ကြီးမြို့၊ မင်္ဂလာရပ်ကွက်၊ ဘူတာလမ်း၊ အိမ်အမှတ်(၅)ရှိ ပိုင်ရှင် ဒေါ်ခင်အုန်းမြင့်၏ (၂)ထပ်တိုက်နေအိမ်တွင် အခင်းဆင့် တန်းပြိုကျပြီး မ(၄)ဦး၊ ကျား(၁)ဦး၊ စုစုပေါင်း(၅)ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိ။

(၂) တိုက်ကြီးမြို့၊ လယ်တီ(၂)လမ်းရှိ ပိုင်ရှင် ဒေါ်မြင့်မြင့်၏ (၂)ထပ် တိုက်နေအိမ်တွင် ကြမ်းခင်းနှင့် ခေါင်းရင်းနံရံပြိုကျ။

(၃) တိုက်ကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မစိုးရိမ်သိမ်ကျောင်း ပတ်လည် အက်ကွဲပြီး မုဒ်ဦးပြိုကျ။

(၄) တိုက်ကြီးမြို့၊ ဘူတာရပ်ကွက်၊ ဘုရားကြီးကျောင်း၊ အုတ်တံတိုင်း ပြိုကျ။

(၅) တိုက်ကြီးမြို့၊ အိုးတန်းရပ်ကွက်၊ မင်းကျောင်းဆုတောင်းပြည့် ဘုရားတန်ဆောင်းနံရံပြိုကျပြီးစေတီ၏ခေါင်းလောင်းတော်နေရာ အက်ကွဲ။

(၆) တိုက်ကြီးမြို့ရှိ မစိုးရိမ်စေတီနှင့် လောကမာန်အောင် သပြုမျက်ရှင် စေတီပန်းတင်ခုံအက်ကွဲ။

(၇) တိုက်ကြီးမြို့၊ ဆင်စခန်းကျေးရွာ၊ ရွှေမင်းဝံဘုန်းကြီးကျောင်း မျက်နှာကြက်ပြိုကျ။

Source : Myanmar Fire Services Sep

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။