ကမ္ဘာကျော် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော် အာရုံခံအတွင်း အလယ်တည့်တည့် မဏ္ဍိုင်ဗုဒ္ဓ ရုပ်ပွားတော်ကြီးရှေ့ရှိ အလှူခံပုံးများအနက် အလှူခံမှန်ပုံး လေးပုံးကို မတ် ၁၄ ရက် နံနက် အစောပိုင်းက ဖောက်ထွင်းခိုးယူမှုဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူသူကို အမြန်ဖမ်းမိရေး စီစီတီဗွီမှ ပြန်လည်ရှာဖွေစစ်ဆေးမှုများပြု လုပ်နေကြောင်း မိုးညှင်းသမ္ဗုဒ္ဓေဘုရား လုံခြုံရေး ရဲစခန်းမှ ရဲတပ်ကြပ် ဘဟန်ထံမှ သိရသည်။

''အလယ်မဏ္ဍိုင်ရုပ်ပွားတော်ကြီးရှေ့ကအလှူခံပုံးတွေရှိတဲ့အထဲက ရွှေသင်္ကန်းအလှူ ခံပုံးနှစ်ပုံး၊ သေနသနအလှူခံပုံးတစ်ပုံးနဲ့ ဝေယျာဝစ္စအလှူခံပုံးတစ်ပုံး အားလုံးလေးပုံး ကို ဖောက်ပြီး ငွေစက္ကူတစ်သောင်းတန်၊ ငါးထောင်တန်တွေကို ရွေးယူသွားတာပါ။ ငွေစက္ကူအသေးတွေကို ပုံမပျက်စေဖို့အတွက်် ဖောက်ထားတဲ့အလှူခံပုံး အောက်ခြေကနေ ဘုရားမှာရှိတဲ့ နေရာထိုင်ကောဇောအသေး တွေကို အောက်ကနေထိုးထည့်ပြီး ငွေမလျော့ လေဟန် ပြန်လုပ်ထားတာကို စစ်ဆေးတွေ့ရ ပါတယ်။ လောလောဆယ် စီစီတီဗွီကနေ တရားခံဖမ်းဆီးရမိရေးကို စစ်ဆေးဆောင် ရွက်ဖို့အတွက် ဂေါပကဥက္ကဋ္ဌကနေ တရားလိုလုပ်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်သွားမှာပါ။

ဆရာတော်အနေနဲ့ အမှုမဖွင့်လိုပေမယ့် အမှုပေါ့မှာစိုးတဲ့အတွက် ဂေါပကဥက္ကဋ္ဌ ကြီးက တရားလိုလုပ်ပြီး အမှုဖွင့်သွားမှာပါ'' ဟု ရဲတပ်ကြပ်ဘဟန်က ပြောသည်။

မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကြီးသည် လက်ရှိအချိန်တွင် အလောင်းတော်ကဿပ ဘုရားဖူးများ၊ အမေကြီးနတ်ပွဲသွားသူများ စသည်ဖြင့် ဘုရားဖူးအများဆုံး နေ့စဉ်လာ ရောက်ချိန်ဖြစ်သောကြောင့် အလှူငွေထည့်ဝင် မှုမှာလည်း သာမန်အချိန်ထက်ပိုများမည် ဖြစ်ရာ ယခင်အပတ်များကရရှိသော အလှူခံ ပုံးတစ်ပုံးမှ အလှူငွေအရေအတွက်ကို ပြန်လည် စိစစ်တွက်ချက်ကြည့်ရာ အလှူခံပုံးလေးပုံးမှ အလှူငွေကျပ် သိန်း ၂ဝ ကျော်ခန့် အခိုးခံ ရနိုင်ကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘလွင် ထံမှ သိရသည်။

''ဘုရားအာရုံခံကို နေ့စဉ်ညနေ ၅ နာရီ မှာ ပိတ်ပြီး မနက် ၅ နာရီမှာ ဖွင့်လေ့ရှိပါတယ်။ညနေပိတ်ရင်ဂေါပကအဖွဲ့ လေးဦးက မပိတ် ခင် ပိတ်တော့မယ့်အကြောင်း အာရုံခံထဲလှည့် အော်လေ့လည်းရှိပါတယ်။ မနေ့ညနေကတော့ အလှူခံပုံးဖောက်မယ့်သူက အာရုံခံထဲတစ်နေ ရာရာမှာ အောင်းနေပြီးမှ ညပိုင်းမှာဖောက်တာပါ။ အာရုံခံထဲမှာ စီစီတီဗွီ ၂၂ လုံးကို နေရာအနှံ့ မှာ တပ်ထားပါတယ်။ အခုဖြစ်တာကိုသိရှိပြီး တရားခံဖော်ထုတ်နိုင်ဖို့ တရားလိုလုပ်ပြီး ဆိုင်ရာကို တိုင်ချက်ဖွင့်ဖို့လုပ်နေပါတယ်''ဟု ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဘလွင်က ပြောသည်။

ဘုရားအာရုံခံအတွင်းရှိ အလှူခံပုံး ၁၉ ပုံးမှ မကြာခဏ အလှူငွေ အခိုးခံရခြင်းများရှိကြောင်း သိရသည်။ ပြီးခဲ့သည့် တပို့တွဲလကုန် ရက်က ဘုရားကြီးမြောက်ဘက်မှ မဟာဗောဓိ တိုက်အတွင်းရှိ အလှူခံမှန်ပုံးမှ အလှူငွေ အနည်းငယ်ကို ဖောက်ထွင်းခိုးယူ ခံခဲ့ရရာ ယခုထိ ခိုးသူကို ဖမ်းမိမှုမရှိသေးကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်သည် ပွင့်လင်းရာသီ ဘုရားဖူး အများအပြားလာရောက်ချိန်ဖြစ် သောကြောင့် အလှူငွေရရှိမှုသည် အာရုံခံ အတွင်း အဓိကကျသောနေရာရှိ အလှူခံပုံး တစ်ပုံးလျှင် ၁၅ ရက်တွင် ကျပ်သိန်း ၁ဝဝ ခန့် ရရှိနေပြီး ပုံမှန်အချိန်တွင် ကျပ် ၄၅ သိန်းနှင့် သိန်း ၅ဝ ကြား ရရှိကြောင်း သိရသည်။ ယခင် က အလှူခံပုံးများကို တစ်လတစ်ခါ ဖွင့်ဖောက် စစ်ဆေးခြင်းပြုရာမှ ဘုရားဖူးတစ်စတစ်စ များလာပြီး အလှူငွေပိုမိုရရှိလာသောကြောင့် ၁၅ ရက်တစ်ကြိမ် ဖွင့်ဖောက်စစ်ဆေးကာ စာရင်းသွင်းပြီး မြန်မာ့စီးပွားရေးဘဏ်တွင် အပ်နှံထားရှိခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က တစ်ကြိမ်ဖွင့်ဖောက် စစ်ဆေးထားရာ နောက်တစ်ကြိမ် ဖွင့်ဖောက် စစ်ဆေးရန်နီးနေချိန် အလှူခံပုံးတွင် ငွေစက္ကူများ အပြည့်နီးပါးရှိချိန်တွင် ယခုကဲ့သို့ ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဝင်းထွန်း (မုံရွာ)

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။