ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီမြို့မှာ မြန်မာလူငယ်တဦး အဓမ္မပြုကျင့်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာဖော်ပြပါတယ်။

ကော့စမွီဆေးရုံကြီးမှာ လိင်တူချင်းအဓမ္မပြုကျင့်ခံရတဲ့ လူတဦးသေဆုံးသွားကြောင်း စက်တင်ဘာ၂၉ ရက်မွန်းလွဲ ၁၂ နာရီခွဲက အကြောင်းကြားလို့ ရဲတပ်ဖွဲ့ဝင်တွေ နဲ့အတူသွားရောက်စစ်ဆေးရာမှာ လွန်ခဲ့တဲ့ တနာရီလောက်ကမှ သေဆုံးသွားတဲ့ လူငယ်တဦးကိုတွေ့ရတယ်လို့ ကော့စမွီမြို့နယ် စခန်းမှူး ဒုရဲမှူး အစ်ဆရစ်ဆမ်နိန်းဝမ်က သတင်းထောက်ကို ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူဟာ အသက် ၃၀ နှစ်ရွယ်ရှိ မြန်မာလူငယ်တဦးဖြစ်ပြီး စအိုဝမှာ ပြင်းထန်စွာအနာရရှိပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဆေးရုံရဲ့ စစ်ဆေးချက်အရ သူ့ရဲ့စအိုဝမှာ အနာတရဖြစ်နေတာလည်းတွေ့ရှိရကြောင်း၊ လူအုပ်ဖွဲ့ပြီး လိင်တူချင်းအဓမ္မကျင့်ခံရတဲ့ လက္ခဏာရှိကြောင်း၊ သူ့ရဲ့အူမကြီးအဖျားပိုင်းမှာလည်း စုတ်ပြဲုဒဏ်ရာတွေ တွေ့ရပြီး အဲဒီဒဏ်ရာကတော့ အဓမ္မကျင့်ခံရတဲ့ ဒဏ်ရာ သို့မဟုတ် ချွန်မြတဲ့ အရာနဲ့ ထိခိုက်မိတာလားဆိုတာကို ထပ်မံစစ်ဆေးအုံးမယ်လို့ ဆိုပါတယ်။

ကော့စမွီမြို့နယ် လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာ ထိရဆဒ် ဝီရိယနွန်းကလည်း အဖျား တက်နေတဲ့ အဆိုပါလူငယ်ကို သူ့အပေါင်းအသင်း မြန်မာအချင်းချင်းတွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ဆေးရုံကို လာရောက်ပို့ဆောင်သွားတာလို့ ပြောပါတယ်။

လူနာဟာ ဆေးရုံရောက်ကတည်းက အိုင်စီယူ အရေးပေါ်ခန်းထဲမှာဘဲ ဆေးကုသမှုခံနေရပြီး ၉ ရက်မြောက်နေ့မှာ သေဆုံးသွားတာဖြစ်ကြောင်း၊ ဒါပေမယ့် သူ့ရဲ့အမည်နဲ့ အသက်ကိုဘဲသိရပြီး အလုပ်အကိုင်နေရပ်လိပ်စာဘာမှမသိရသလို ဆေးရုံမှာလာပို့သွားတဲ့ အပေါင်းအသင်း တွေလည်း လုံးဝပေါ်မလာတော့တာကြောင့် ရဲစခန်းကို အကြောင်းကြားလိုက်ရတာလို့ လက်ထောက်ဆေးရုံအုပ်က သတင်းထောက်တွေကို ပြောပါတယ်။

Credit : DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။