အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုများပြုလုပ်နေသည့် မြန်မာ့ လက်ရွေးစင်အသင်းသည် မတ် ၁၇ ရက် တွင် ခြေစမ်းပွဲကစားရန် စီစဉ်လျက် ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် မတ် ၁၄ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲ သွားရောက်မကစားမီ ခြေစမ်းပွဲကစား လိုနေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ခြေစမ်းပွဲအဖြစ် မြန်မာ ယူ-၂၂ အသင်းနှင့် မတ် ၁၇ ရက် ညနေ ၅ နာရီတွင် သုဝ္ဏကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးတင်မြင့် အောင်က ''လက်ရွေးစင် အသင်းအနေ နဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်နေတယ် ဆိုတာ ဟုတ်ပါတယ်။ ယူ-၂၂ အသင်း နဲ့ ကစားမှာပါ။ ယူ-၂၂ အသင်းက လည်း ဂတ်ဖရိုင်းဒရစ်ပဲ ကိုင်တွယ်မှာ ဖြစ်တာကြောင့် နှစ်သင်းစလုံးအတွက် ပြင်ဆင်တဲ့အနေနဲ့ ကစားမှာပါ။ လက်ရွေး စင်အသင်းမှာ ယူ-၂၂ အသင်းက ကစားသမား ၁ဝ ယောက်ကျော် ပါပါ တယ်။ လက်ရွေးစင်အသင်းအတွက် ပြင်ဆင်တဲ့အနေနဲ့ ကစားတာပါ'' ဟု ပြောကြားသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် အာရှ ယူ-၂၃ ခြေစစ်ပွဲ၊ (၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ-၂၂ အသင်းကိုလည်း နည်းပြချုပ်ဖြစ် ဂတ်ဖရိုင်းဒရစ်ကိုသာ တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ယခင်က နည်းပြချုပ်အဖြစ် တာဝန် ပေးထားသည့် ဦးကြည်လွင်မှာ လက်ထောက်နည်းပြ အဖြစ်သာ ဆောင်ရွက်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲအပြီးတွင် အင်ဒိုနီးရှား အသင်းနှင့်ပွဲအတွက် အပြီးသတ် လူရွေးချယ်မည်ဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံသို့ မတ် ၁၉ ရက်တွင် ထွက်ခွာမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် မတ် ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ခြေစမ်းပွဲကစားမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲ အဖြစ် မတ် ၂၈ ရက်တွင် အိန္ဒိယ လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။