စပါးအသင်းကွင်းလယ်ကစားသမား ဒမ်ဘီလီသည် တရုတ်စူပါလိဂ်အသင်းဖြစ်သည့် ပေကျင်းအသင်းသို့ပြောင်းရွှေ့ကစားတော့မည်ဖြစ်ကြောင်း သိရသည်။ ၎င်းဟာ အပြောင်းအရွှေ့ကိစ္စအပြီးသတ်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံသို့ထွက်ခွာခဲ့ ခြင်းဖြစ်ပြီး လာမည့်၂၄ နာရီအတွင်း အသင်းနှင့် အပြီးသတ်စာချုပ်ချုပ်ဆိုသွားမည် ဖြစ်သည်။ အသက်၃၁ နှစ်ရှိ ဒမ်ဘီလီသည်စပါးအသင်းနှင့်ချုပ်ဆိုထားသော စာချုပ်အရ စာချုပ်သက်တမ်းမှာ နောက်ဆုံးခြောက်လထဲသို့ရောက်ရှိနေပြီ ဖြစ်သကဲ့သို့စပါးအသင်းကလည်း ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းသွားမည်မဟုတ်ကြောင်း သိရသည်။ 

ထို့ကြောင့်ဒမ်ဘီလီသည် ပေကျင်းအသင်းရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့ရာ စပါးအသင်းသည် ၎င်း၏အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးစတာလင်ပေါင်၁၁သန်းအထိ ရရှိမည်ဖြစ်သည်။ ဒမ်ဘီလီသည် ၂၀၁၂ခုနှစ် ဘောလုံးရာသီက ဖူလ်ဟမ်အသင်းမှစပါးအသင်းသို့ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး စပါးအသင်းတွင်ခြောက်နှစ်ခွဲအထိ ကျင်လည်ခဲ့ပြီးနောက် အသင်းအတွက်၂၄၉ပွဲအထိ ပါဝင်ကစားပေးထားသူ ဖြစ်သည်။ သူသည်စပါးအသင်းတွင် အသင်းအတွက်အကောင်းဆုံးခြေစွမ်းနဲ့ကစားနိုင်သကဲ့သို့စပါးအသင်းပရိတ်သတ်များ၏ အချစ်တော်ကစားသမားဖြစ်သော်လည်း ဒမ်ဘီလီသည် ၂၀၁၈ခုနှစ်နိုဝင်ဘာလမှစတင်ပြီး ဒဏ်ရာပြဿနာဖြင့် ရင်ဆိုင်ခဲ့ရပြီး ကစားပွဲနှင့်ဝေးကွာခဲ့ရသည်မှာ အချိန်ကာလတစ်ခုထိကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ 

စပါးအသင်းနည်းပြ ပိုချက်တီနိုက " ကျွန်တော်ရဲ့နည်းပြသက်တမ်းကာလတစ်လျှောက် အတူလက်တွဲအလုပ်လုပ်ဖူးတဲ့ ကစားသမားတွေထဲမှာ ဒမ်ဘီလီက အကောင်းဆုံးကစားသမားစာရင်းမှာ ပါဝင်ပါတယ်။ ကျွန်တော့်အတွက်တော့ သူဟာ ကမ္ဘာ့အကောင်းဆုံးကစာသမားစာရင်းမှာ ပါဝင်ပါတယ်။ သူစပါးအသင်းကို ရောက်လာတဲ့အချိန်က သူ့အသက်၁၈နှစ်လောက်ဖြစ်မယ်ဆိုရင် သူဟာသေချာပေါက်ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာမှာပါ။ စပါးအသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့ အရာတွေအတွက်သူ့ကိုကျေးဇူးတင်ပါတယ် " လို့ပြောကြားခဲ့ကြောင်းသိရသည်။

Source - Goal.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။