တကယ်ကော ဟုတ်ရဲ့လားလို့ မေးရလောက်အောင် တကယ်ကိုထိရောက်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းဆိုတာက လူအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ရောက်လာတတ်သလို ကြယ်လေးလိုပါပဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာမျိုးပါ။ ဒါပေမယ့် ကိုယ်တိုင်က ပျော်ရွှင်အောင်နေတတ်မယ်ဆိုရင်တော့ သင့်အတွက် ပျော်ရွှင်မှုဆိုတာလက်တစ်ကမ်းမှာပဲ ရှိနေပါတယ်။ ယနေ့ကတော့ နေ့တိုင်းစိတ်လတ်ကြည်ရွှင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ နေ့ရက်လေးတွေကို နေ့တိုင်းဖြတ်သန်းခွင့်ရအောင် တစ်နေ့တာမှာလုပ်ဆောင်ရမယ့် အချက်လေးတွေကို ပြောပြပေးထားပါတယ်။ အရမ်းခက်ခဲတာမျိုးမပါလို့ စာဖတ်ပရိသတ်ကြီးကိုလည်း လိုက်ပြီးလုပ်ကြည့်စေချင်ပါတယ်။


(၁) ပြုံးပါ

ဒီအချက်ကတော့ လူတော်တော်များများမေ့နေတတ်တဲ့ အရာပါ။ တစ်နေ့တာမှာ လှုပ်ရှား သွားလာရင်း စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတတ်တာကြောင့် ပြုံးဖို့ကို မေ့နေတတ်ကြပါတယ်။ ဒါကြောင့် မနက်အိပ်ယာနိုးတဲ့ အချိန်က စပြီး လူတွေနဲ့ စတင်တွေ့ရှိရတော့မယ်ဆိုရင် မျက်နှာပေါ်မှာ အပြုံးလေးရှိနေသင့်ပါတယ်။ ဒါကြောင့် မနက်မိုးလင်းပြီး မှန်ရှေ့ကို ရောက်ပြီဆိုတာနဲ့ အကြီးကြီးသာပြုံးလိုက်တာနော်။

(၂) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းတွေလုပ်တယ်ဆိုတာ ခန္ဓာကိုယ်အတွက်တစ်ခုပဲ လို့မထင်လိုက်ပါနဲ့နော်။ လေ့ကျင့်ခန်းလုပ်ချင်က စိတ်ဖိစီးမှုတွေ စိတ်၇ှုပ်ထွေးစရာတွေ စိတ်ကျရောဂါဖြစ်ပွားစေမယ့် လဏ္ခာတွေကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင်လေးမှာပဲ ဖြစ်ဖြစ် မနက်ရောင်နီသန်း တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် လမ်းလျှောက်တဲ့ အကျင့်လေးကို အခုပဲမွေးယူလိုက်ကြရအောင်ပါနော်။

(၃) နှစ်ခြိုက်စွာ အိပ်ပါ။

တစ်နေ့တာမှာ အိပ်ချိန်ကလည်း လူတစ်ဦးအတွက် တကယ်ကို အရေးကြီးပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာတစ်နေ့ကို ပျမ်းမျှ ၇ နာရီ ဒါမှမဟုတ် ၈ နာရီ အိပ်စက်အနားယူပေးရပါတယ်။ ဒါကြောင့် အိပ်တဲ့ အချိန်ကို နောက်မကျစေပဲ ကောင်းမွန်စွာအိပ်စက်အနားယူသင့်ပါတယ်နော်။

(၄) စိတ်ထဲမှာရှိတဲ့ အတိုင်းစားချင်တာကို စားလိုက်ပါ။

ဒါကတော့ ကိုယ်တွေ အကြိုက်ပေါ့နော်။ မတည့်တာတော့ မစားနဲ့ပေါ့နော်။ စိတ်ထဲမှာ စားချင်လာတဲ့ အရာတစ်ခုကိုစားသာစားလိုက်ပါ။ ထိုအရာကလည်း လုပ်ချင်တာကို လုပ်လိုက်ရတာကြောင့် စိတ်ကိုပျော်ရွှင်စေနိုင်ပါတယ်။

(၅) ကျေးဇူးစကားဆိုပါ။

တစ်ယောက်ကိုယ်တစ်ယောက် ကျေးဇူးသိတတ်တယ်ဆိုတာ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ကျေးဇူးတင်စကားဆိုရမှာကို ကြောက်နေတတ်ကြပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကျေးဇူးတင်ရမယ်သူတစ်ယောက်ယောက် များပေါ်လာခဲ့မယ်ဆိုရင် ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့နော်။

(၆) ချီးမွမ်းစကားဆိုပါ။

လူတစ်ယောက်ကို ချီးမွမ်းစကားဆိုတယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ ဖြစ်ပါတယ်။ လူတော်တော်များများက မနာလိုမှုတွေ လောဘတွေနဲ့ အပြိုင်အဆိုင်ခေတ်ကြီးထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် ချီးမွမ်းစကားဆိုဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ထိုလူတွေထဲကမှ သင်က ချီးမွမ်းစကားဆိုနိုင်တယ်ဆိုရင်တော့ အပူအပင်မရှိပျော်ရွှင်နိုင်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

(၇) အသက်ကို ဝဝရူပါ။

ဒါကလည်း တစ်နေ့တာလုပ်ဆောင်ရမယ့်အချက်ထဲက အချက်တစ်ခုပါပဲ။ လေကောင်းလေသန့်ရစေမယ့်နေရာလေးတွေကို သွားပြီး မျက်လုံးကိုမှိတ် အသက်ကို ဝအောင်ရူပေးခြင်းကလည်း စိတ်ကိုရွှင်လန်းစေပါတယ်။

(၈) မပျော်ရွှင်ခဲ့ရတဲ့ အချိန်တွေကို ပြန်ပြီး သင်ခန်းစာယူပါ။

ဒါကတော့ရိုးရှင်းပါတယ်။ အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို သင်ခန်းစာအဖြစ်သတ်မှတ်ခြင်းကလည်း ဘဝမှာ အကောင်းဆုံးပျော်ရွှင်မှုကို ရရှိစေနိုင်ပါတယ်။

(၉) ပြဿနာတွေနဲ့ ရင်ဆိုင်လိုက်ပါ။

တစ်ခါတစ်လေ ဘဝက အဲ့လောက်မရိုးရှင်းပါဘူး။ တစ်နေကုန် စိတ်ညစ်စရာတွေပဲ တွေ့နေရတဲ့ အချိန်တွေလည်းရှိနေတတ်ပါတယ်။ ဒါတွေကို ရှောင်မပြေးဘဲနဲ့ အကောင်းဆုံးရင်ဆိုင်လိုက်ပါ။ ဒါဆိုရင်တော့ အခြားသူတွေထက် စိတ်ပျော်ရွှင်မှုတွေကို ရရှိနိုင်ပါလိမ့်မယ်။

ပရိသတ်ကြီးလည်း တစ်နေ့တာမှာ ကျန်းမာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေနော်။

Source:Healthline.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။