ပြည်တွင်း လက်နက်ကိုင်တိုက်ပွဲတွေကတော့ နေရာအနှံ့အပြားမှာရှိနေပြီး ဒေသခံပြည်သူတွေရဲ့ ထိပ်လန့်မှုတွေကို အမြဲရှင်သန်စေခဲ့တာတွေ့ရပါတယ်။ အဆိုပါ စစ်ပွဲတွေထဲမှာ မြန်မာ့တပ်မတော်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေအပြင် လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပြန်လည်ပစ်ခတ်မှုသတင်းတွေကတော့ များစွာရှိခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိရှမ်းပြည်နယ်မြောက်ပိုင် တွင်လည်း ရှမ်းလက်နက်ကိုင် ၂ဖွဲ့ တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်းကို သိရပါတယ်။ အဆိုပါ တိုက်ပွဲကတော့မကြာသေးမီအချိန်ကာလ တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၁၆ရက်နေ့ မနေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းက လုံဝိုင်ရွာအနီးပတ်ဝန်းကျင်မှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ စစ်ပွဲကြောင့် လုံဝိုင်ရွာ ဒေသခံ ၃၀ လောက်ဟာ ထွက်ပြေးခဲ့ကြရပြီး လက်ရှိပရဟိတအသင်းအဖွဲ့တွေက သွားရောက်ခေါ်ယူပြီး သူတို့ကို နားကန်ရွာဘုန်းကြီးကျောင်းကို ပို့ဆောင်ပေးခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတ(သီပေါ)တာဝန်ရှိသူ ကိုမျိုးက ပြောပြခဲ့ပါတယ်။ "ကျွန်တော်တို့ သွားခေါ်တာတော့ ၃၀ လောက်ရှိတယ်။ သူတို့က ရွာကနေထွက်ပြေးလာကြတယ်။ စုစုပေါင်း ၃၀ လောက်ရှိမယ်။ သွားတဲ့လမ်းက ပိတ်နေတော့ ကျွန်တော်တို့ ဖက်နမ်ဘက်က သွားခေါ်တယ်။ ပြီးတော့နားကန် ကိုပို့ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့တွေက နီးစပ်ရာရွာတွေမှာရှိတဲ့ ဆွေမျိုးတွေဆီသွားကြမယ်လို့ပြောတယ်" လို့ ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။ 

လုံဝိုင်ရွာမှာ ဒေသခံတွေရှိနေသေးပေမယ့် ဖုန်းအဆက်အသွယ်မရတာကြောင့် အခြေအနေကိုမသိရသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမ အပတ်အတွင်းကလည်း သီပေါမြို့နယ်အတွင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံ ၁၃၉၁ ဦးဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ပြီး စစ်ရှောင်စခန်း ၉ ခုမှာ ခိုလုံနေထိုင်ခဲ့ရပါတယ်။ ဒီကနေ့ အထိ အဆိုပါ စစ်ရှောင်စခန်း ၉ ခုမှာ နားမခေါ်စစ်ရှောင်စခန်းတစ်ခုသာကျန်တော့ပြီး ကျန်တဲ့ စခန်းတွေမှာနေထိုင်နေတဲ့ စစ်ရှောင်တွေဟာ နေရပ်ပြန်သွားခဲ့ပြီ လို့ သိရပါတယ်။ လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်းအထဲမှာဆိုရင်လည်း RCSS နဲ့ PNLO အကြားဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၆၀၀ ကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရပါတယ်။ ပြည်တွင်း စစ်ပွဲတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေနဲ့ ကြားနေပြည်သူတွေရဲ့ ဘဝတွေကို ပရိသတ်တွေမြင်တွေ့နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

Photos - Shar Htat Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။