နာရေးကြော်ငြာများမှ သတင်းဖြင့် လိုက်လိမ်နေသော မယ်သီလရှင်

သတိထားနိုင်ရန် တင်ပြလိုက်ပါသည်။

သတိထားကြပါ။ ။

ပုံတွင်ပါရှိသူက သာမာန်ကြည့်လျှင် မယ်သီလရှင်တပါးပါ။ အသက်ကလဲ ၈၀ ကျော်ရှိပါပြီ။ သူ့ကို "လူလိမ်" လို့ပြောရင် ယုံကြမှာမဟုတ်ပါဘူး။ တကယ်ပဲ လူလိမ်ပါ။ ကျမအစကတည်းက သူ့ကိုလူလိမ်လို့ သိနေခဲ့ပါတယ်။ ဒါပေမဲ့ လက်ဆုပ်လက်ကိုင် မပြနိုင်တာက တကြောင်း။ သူ့ကိုအရမ်းဝိုင်းပြီး ကိုးကွယ်နေကြတဲ့ သူတွေကြားမှာ အတိုက်အခံ မလုပ်ချင်တာကြောင့် ဘာမှမပြောတော့ပဲ ၁၅ နှစ်လောက် ကြာသွားခဲ့ပါတယ်။ အကြောင်းက ဒီလိုပါ။

တရက် ကျမတို့တိုက်က အန်တီကြီးတယောက်ဆုံးသွားပြီး ရက်ပိုင်းရှိသေးတယ်။ အဲဒီအိမ်ကို ကျန်ရစ်သူသားသမီးတွေဆီ သူရောက်လာပါတယ်။ ကွယ်လွန်သူ အန်တီကြီးနဲ့ ငယ်သူငယ်ချင်း လို့ပြောပါတယ်။ သတင်းစာထဲမှာ နာရေးကိုဖတ်မိပြီး လိပ်စာနဲ့ လိုက်လာတယ် ပြောပါတော့တယ်။ ကျန်ရစ်သူတွေကလဲ မိခင်ရဲ့ငယ်သူငယ်ချင်းလို့ပြောတော့ ဟုတ်နိုးနိုးနဲ့ ကောင်းမွန်စွာခင်း ကျင်းလို့ ဧည့်ခံပါတော့တယ်။ ဟိုပြောဒီပြောနဲ့ ဘုရားတွေ ရှိခိုးပြ ပုတီးတွေစိပ်ပြနဲ့ တကဲ့သူတော်စင်ကြီးကဲ့သို့ သိက္ခာအပြည့်နဲ့ပေါ့။ မိသားစုကလဲ မိခင်ရဲ့သူငယ်ချင်းလဲဖြစ် သူတော်စင်လဲဖြစ်တော့ ကြည်ညိုကြ တာပေါ့။ အလှူငွေတွေထည့် စားစရာတွေကပ်နဲ့။

အဲလိုနဲ့ တရက်ပြီးတရက် ချောင်းပေါက်မတတ်လာပြီး ဘေးအိမ်တွေဖြစ်တဲ့ ကျမရဲ့ ယောက်ခမများ မတ်မိသားစုများပါ ပါလာကြတော့တာပေါ့။ ကျမကိုလဲ အတင်းခေါ်တာနဲ့ သွားဖူးရာက နောက်တော့ ယောက်ခမအိမ်ကိုပါ အင်ပါယာချဲ့လို့ မကြာခဏ ရောက်လာပါလေရော။ ယောက်ခမများကလဲ ဘာသာရေး ကိုင်းရှိုင်းသူများဖြစ်ကြလေတော့ သူ့လာတိုင်း စားကောင်း သောက်ဖွယ်များကပ်။ ငွေလှူလိုက် ပစ္စည်းများလှူလိုက်နဲ့ပေါ့။ သူက သူ့ဟာ ယိုးဒယားကျွန်းစုတွေ နဲ့မြိတ်ဘက်က မြန်မာကျွန်းတွေကြားက ကျွန်းတကျွန်းမှာ ကျောင်း ဆောက်လို့ လူအနည်းငယ်နဲ့ ရွာတည်ပြီး သီတင်းသုံးနေတဲ့အကြောင်း။ သူဟာ ယိုးဒယားဘုရင်က ချီးမြှင့်တဲ့ ဘွဲ့ရထားသူဖြစ်ကြောင်း။ သူ့ကျွန်းတကျွန်းထဲ စူနာမီမုန်တိုင်းကျတုန်းက ကျွန်းရှိ မြွေများ မိချောင်းများ အကောင်ဗလောင်များက အထပ်ထပ် ကာရံစောင့်ရှောက်ပေးမှု ကြောင့် ဘာမှမဖြစ်ခဲ့ကြောင်း စသဖြင့် လေလုံးတွေနဲ့ ဖိန့်ပါတယ်။ ကျမက လက်တွေ့သမား ဒါမျိုးဆိုမယုံတတ်လေတော့ သူ့ကိုအဲဒီ့ကတည်းက ဘဝင်မကျပါဘူး။ လူလိမ်မ လို့ခံစားမိပါတယ်။ ကျမကိုလဲ ကျမသမီး ၃ နှစ်အရွယ်က သိုက်ကလာတာ။ သိုက်ကြိုးဖြတ်ရမယ်ပြောပြီး ၃သောင်းခွဲ တောင်းပါတယ်။ အဲဒီ့တုန်းက ထိုငွေပမာဏက မနည်းလှပါ။ ကျမ မလုပ်ချင်ဘူးလို့ ပြောလိုက်ပါတယ်။ သို့ပေမဲ့ ခင်ပွန်းဖြစ်သူနဲ့ ယောက်ခမများက အတင်းလုပ်ခိုင်းတာကြောင့် လိမ်မှန်းသိသိကြီးနဲ့ လှူတယ်သဘောထားပြီး ပေးလိုက်ပါတယ်။ဘဝင်တော့ မကျပါ။ အဲလိုပဲ တခြားသူများထံမှလဲ ခေါင်းစဉ်တပ်လို့ အလှူခံသွားပါတယ်။ အိမ်ပြန်ရောက်တော့ ကျမ စိတ်ဆိုးပြီး ယောက်ျားကို ပြသနာရှာခဲ့ပါတယ်။ လူကြားထဲ အတင်းလှူဘို့ တိုက်တွန်းခဲ့တာကို စိတ်ဆိုးလို့ပါ။ အဲဒီ့ကစလို့ နောင် အဲဒီ့မယ်သီလရင်လာတိုင်း ကျမ မသွားတော့ပါ။ ယောက်ခမက လာလို့ဖူးခိုင်းသော်လည်း အကြောင်းအမျိုးမျိုးပြလို့ မသွားတော့ပါ။ နောက်ပိုင်းလဲ မကြာမကြာလာတာတွေ့နေပါတယ်။

ဒီလိုနဲ့ နှစ်စ်တွေကြာသွားပြီး အဲဒီ့အဖွားကြီးလဲ ယောက်ခမအိမ်နဲ့ အခြားအိမ်များကို ထပ်လာတာ မတွေ့တော့ပါ။ သူတို့လဲ ရိပ်မိသွားပုံပါပဲ။ ကျမကတော့ မမေးပါ။ ခုတော့ ဟိုတနေ့က ကျမအကိုလို ခင်တဲ့ အကိုကြီးတယောက်က သူ့ပုံကိုတင်လို့ ဟိုတနေ့ကမှ ကွယ်လွန်သွားတဲ့ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ဦးအောင်ထိုက် အိမ်ကိုငွေ နှစ်သိန်းကျော်လာလိမ်နေသည်ကို အလိမ်ခံရဘူးသော အသိဆွေမျိုးများရောက်လာလို့ အလိမ်ပေါ်ပြီး ငွေတွေထားကာ အမြန်ပြန်လစ်သွားကြောင်း။ သူမလိမ်သွားသည့် အိမ်တချို့မှာ အသိဆွေမျိုးများထဲကပင် လေးငါးအိမ် မကတာ သိလိုက်ရတော့ သူဘယ်နှစ်အိမ်တောင် ပိပိရိရိ လိမ်ပြီးပြီလဲ ဆိုတာရေလို့တောင် ရမည်မထင်တော့ပါ။ ဒါ့ကြောင့် ဖေ့ဘွတ်ပေါ်က မိတ်ဆွေများလဲ ထိုသို့ အလိမ်မခံရအောင် အသိပေး လက်တို့လိုက်ရပါတယ်။ မိမိအသိဆွေမျိုးများကိုလဲ အသိပေးထားပါ။

သူမလိမ်တော့မည်ဆိုလျှင် အိမ်တအိမ်သို့ လူတဦးကွယ်လွန်ပါက ရက်မလည်ခင် သို့မဟုတ် ရက်လည်ပြီးစ ရောက်လာတတ်ပါတယ်။ ပြီးနောက် ကွယ်လွန်သူရဲ့အကြောင်းကို အနည်းငယ် စုံစမ်းလာတတ်ပြီး ယုံအောင်ပြောပြတတ်ပါတယ်။ ပြီးနောက် အထက်ပါတို့ကို ပြောပြီး အလှူခံတတ်ပါတယ်။ လုံးဝ လက်မခံပါနဲ့။ သူအသက်အရွယ်နဲ့ မမျှအောင်ပိရိစွာ လိမ်တတ်ပါတယ်။ ဒီပုံကလဲ လတ်တလော လာလိမ်တုန်းက အိမ်ရှင်က ရိုုက်ထားတာပါ။ သူက ဓါတ်ပုံရိုက်တာ မကြိုက်ပါ။ အတင်းပြောပြီး ရိုက်ထားတဲ့ပုံပါ။ ထိုနေ့က ပုံထဲကမြင်ရတဲ့ငွေ ၂ သိန်းကျော်ကို မဟန်တော့လို့ ပြန်ပေးပြီး လစ်သွားခဲ့ပါတယ်။ အသက်အရွယ်ကို ထောက်လို့ အိမ်ရှင်များက ဘာမှမလုပ်တော့ပဲ လွှတ်ပေးလိုက်တာပါ။ သူမက ကပြားရုပ်ပါ။ ဥပဓိရုပ်ကောင်းပါတယ်။ သူလိမ်နေတာ နှစ်ပေါင်း မနည်းတော့ပါဘူး

အလိမ်ခံရခြင်းမှ ကင်းဝေးကြပါစေ ဟု facebook user တစ်ဦးမှ တင်ထားခဲ့သည်။ post အောက်ရှိ cmt တွင်းလည်း ထိုနည်းတူစွာအလိမ်ခံရသူ အမြောက်အမြားကို တွေ့ရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။