စာရေးဆရာမ ဂျူးရဲ့ ၁၉၉၇ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ "ကြာသည်သော်လည်း မောင့်စကား" အချစ်ဝတ္တုကို ဒုတိယအကြိမ်ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတဲ့ "ကြာသည်သော်လည်း မောင့်စကား"ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒါရိုက်တာကတော့ ဦးမီးပွား ဖန်တီးရိုက်ကူးထားပါတယ်။ အချစ်၊ ရသကို အပြည့်အဝ ခံစားရစေမဲ့ ဇာတ်အိမ်မျိုးနဲ့ ဝထ္တုကို ဖတ်ရှူဖူးသူတွေ အနေနဲ့ ရသမပျက်စီးအောင် အကောင်းဆုံး ကြိုးစားထားတဲ့ ဒီရုပ်ရှင်ကြီးမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး နဲ့ ထွန်းထွန်းတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ငယ်သူငယ်ချင်း(၃)ယောက်ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံမျိုးလေးဖြစ်ပြီး နန္ဒ အဖြစ် စိုင်းစိုင်း၊ တင်တင်ဇော် အဖြစ် ဖွေးဖွေး၊ ဖြိုးကျော်အဖြစ် ထွန်းထွန်းတို့က ဇာတ်အိမ်ကို ပြန်လည်အသက်သွင်းထားပြီး ဇာတ်လမ်းအကျဉ်းလေးကတော့ အချစ်လား၊ အထိအတွေ့ကြောင့်လား၊ သံယောဇဉ်ကြောင့်လား မသည်း ကွဲတဲ့ တင်တင်ဇော်နဲ့ နန္ဒ တို့ကြားက သူငယ်ချင်းထက်လွန်ကျူးတဲ့ အခြေအနေမျိူးတွေရှိလာတဲ့အခါ ဖြိုးကျော်တစ်ယောက် ဘယ်လိုဖြစ်သွား၊ဘယ်လိုဖြေရှင်းဖို့ကြိုးစားရမလဲ ဆိုတာ တကယ်ကိုစိတ်ဝင်စားစရာ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ လိုချင်တာကို မရရအောင်ယူတတ်တဲ့ နန္ဒ နဲ့ ဘာကိုလိုချင်နေမှန်းမသိတဲ့ တင်ဇော်တို့ကြားက အချစ်ခန်း၊ အနမ်းခန်းတွေဟာ တကယ့်ကို အသက်ပါလွန်းလှသလို နောက်ထပ်ဘယ်လိုပရိပက္ခတွေနဲ့ ရှေ့ဆက်ကြမလဲ ဆိုတာ ဇာတ်လမ်းအဆုံးထိ မခန့်မှန်းနိုင်တဲ့ ရသတွေနဲ့ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် ချစ်တယ်လို့တောင် မပြောမိ၊ မဖွင့်ဟမိကြပေမဲ့ လိုအင်ဆန္ဒကြောင့်လား၊ အထိအတွေ့ကြောင့်လား ဆိုတာ အဖြေရှာရင်း အရမ်းကို ရို့မန်တစ်ဖြစ်လွန်းတဲ့ အချစ်ခန်းတွေကို ဖွေးဖွေးနဲ့ စိုင်းစိုင်းက တကယ့်ကို ဆွဲဆောင်မှုရှိစွာပုံဖော်ထားပါတယ်။ "ကြာသည်သော်လည်း မောင့်စကား" ရုပ်ရှင်ကို တစ်ချိန်က ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရန်အောင်၊ စိုးမြတ်နန္ဒာ နဲ့ ရဲအောင်တို့က ပထမဆုံးအကြိမ်အဖြစ် စတင်ရိုက်ကူးခဲ့ကြပြီးနောက် လက်ရှိမှာတော့ (၂၀၁၈)ခုနှစ်မှာ ယနေ့ခေတ်အချိန်အခါကို မှီးငြမ်းရိုက်ကူးပြီး ဒုတိယအကြိမ်အနေနဲ့ (၂၀၁၉)ခုနှစ်မှာ ပြန်လည် အသက်သွင်းထားတာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ဖော်ပြလိုက်ရပါတယ်။

source: ကြာသည်သော်လည်းမောင့်စကားရုပ်ရှင်၊ Htin aung tun; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။