ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ စာမေးပွဲအဖြေလွှာများ မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီးရမိ

ကျောက်ဆည်နည်းပညာတက္ကသိုလ်ရှိ စာမေးပွဲအဖြေလွှာများ မီးရှို့ဖျက်ဆီးသူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကျောက်ဆည်ရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် စက်တင်ဘာလ(၃၀)ရက်၊ နံနက်(၅)နာရီ အချိန်ခန့်က ယခုနှစ်ဖြေဆိုထားသည့် အဖြေလွှာစာရွက်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

“တရားခံကို ဖမ်းမိပါပြီ။ နာမည်က မောင်သိန်းထိုက်အောင် ဒီကျောင်းကပဲ ။ဒုတိယနှစ် mechanical ကပါ။ သူ့သူငယ်ချင်းတွေ စာမေးပွဲမဖြေနိုင်တာကို စိတ်မကောင်းဖြစ်ပြီး လုပ်မိတာလို့ပြောပါတယ်။ လောလောဆယ်တော့ စစ်ဆေးတုန်းပဲရှိပါသေးတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။”ဟု ကျောက်ဆည်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုတွင် ကျောင်းဆောင်အား မီးလောင်ခြင်းမရှိဘဲ အဖြေလွှာအချို့သာ မီးလောင်ပျက်စီးခဲ့ပြီး အဖြေလွှာအရေအတွက် မည်မျှဆုံးရှုံးသွားသည်ကိုမူ မသိရှိရသေးကြောင်း ကျောက်ဆည်ရဲစခန်းထံမှ သိရသည်။ အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ကျောက်ဆည်ရဲစခန်းတွင် (ပ)၆၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ (၄၃၆)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။