တစ်နှစ်ကျော်ကြာကြန့်ကြာနေသည့် အိမ်အကူမိန်းကလေး ညှဉ်းပန်းနှိပ်စက်ခံရသည့်အမှု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းမည်

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ၂ဝ၁၅ ခုနှစ်ကတည်း က ဖြစ်ပွားခဲ့သည့် အိမ်အကူမိန်းကလေး ညှဉ်းပန်း နှိပ်စက်ခံရမှုတွင် တရားစွဲဆိုထားသည့်အမှုမှာ ကြန့်ကြာနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းသွားမည်ဖြစ်ပြီး ဆက်လက်ကြန့်ကြာမှု မရှိရေး ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ လှည်းတန်းခုံးကျော် အနီးရှိ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောသည်။

''၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ကတည်းက ဖြစ်တာ။ မိန်းကလေးရဲ့ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေက အရွယ်နဲ့မမျှဘူး။ ထပ်ပြီး ကြန့်ကြာနေမယ်ဆို လွှတ်တော်မှာ တာဝန်ရှိတဲ့ဥက္ကဋ္ဌ၊ အစိုးရဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင် လွှတ်တော်မှာ အရေးကြီးအဆိုအနေနဲ့ ကြယ်ပွင့်ပြမေးခွန်းအဖြစ်မေးသွားမယ်'' ဟု လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

အဆိုပါ အမှုမှာ ၂ဝ၁၅ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၁)တိုးချဲ့ရပ်ကွက် တော်ဝင်အိမ်ရာ ဦးဝိစာရလမ်း တိုက်-၂၄၊အခန်း(၃)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ရှင် မိသားစုက အိမ်အကူမိန်းကလေးအား ညှဉ်းပန်းနှိပ်စက်မှု ဖြင့် မြောက်ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့သည့် အမှုဖြစ်သည်။

အဆိုပါ အမှုဖြစ်စဉ်မှာ ဒဂုံမြို့သစ်တောင်ပိုင်း အောင်မင်္ဂလာ (၁)လမ်း လေးထောင့်ကန် ရပ်ကွက်တွင် နေထိုင်သူ မသန်းသန်းအိ(ဘ- ဦးထွန်းသိန်း) အား ဒေါ်အေးအေးဝင်းမှ မွေးစားပြီး သီလရှင်ဝတ်ပေး မည်ဟု ပြောဆို၍ ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ အိမ်သို့ ရောက်ရှိချိန်မှစ၍ အိမ်အလုပ်များအား အောက်ခြေသိမ်း လုပ်ပေးရသော အိမ်ဖော်တစ်ဦးကဲ့သို့ ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း၊ အလုပ်အကိုင် အဆင်မပြေ မှားယွင်းသည့် အခါများတွင် ဒေါ်အေးအေးဝင်းက သံကြိုး၊သံချောင်းများ ဖြင့် ရိုက်နှက်ခြင်း၊ ယာဘက်လက်သန်းအား ပလာယာဖြင့် ဆွဲနှုတ်ခြင်း၊ ရေနွေးပူလောင်းခြင်း၊သားဖြစ်သူ အေးကျော်ဝင်း က လက်သီးဖြင့် ခဏခဏထိုးသဖြင့် မျက်နှာ၊ ဦးခေါင်းတို့ တွင် ဒဏ်ရာများရရှိခြင်း၊ သမက်ဖြစ်သူ မျိုးဇော်ထက်(ခ) ငဆားက ခြေထောက်နှင့် ကန်သဖြင့် ရှေ့သွားတစ်ချောင်း ကျိုးသည့် ဒဏ်ရာများ ရရှိခြင်း၊ ဒေါ်အေးအေးဝင်း၏ နှိပ်စက်မှုများကြောင့် ယာဘက်လက်သန်း၊ ဝဲယာ ခြေထောက်၊ ဝဲလက်မောင်းတို့တွင် ယနေ့အထိ အမာရွတ် ဒဏ်ရာများ ထင်ကျန်လျက်ရှိကြောင်း၊ ဒေါ်အေးအေးဝင်း တို့မှ ရိုက်နှက်သည့်အခါတိုင်း သမက်ဖြစ်သူ မျိုးဇော်ထက် (ခ) ငဆားနှင့် သမီးဖြစ်သူ ခင်သန္တာဦး (ခ) ဟယ်လင်တို့က ဝိုင်းဝန်း ချုပ်ကိုင်ပေးခဲ့ကြောင်း၊ မသန်းသန်းအိမှာ ဒေါ်အေးအေးဝင်း အိမ်တွင် ငါးနှစ်ကြာ အိမ်ဖော်အလုပ် လုပ်ကိုင်ပေးခဲ့ ရသော်လည်း လုပ်ခလစာနှင့် အကျိုးခံစား ခွင့်လုံးဝမရှိကြောင်း ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းချက်များအရ သိရသည်။

အဆိုပါအမှုနှင့် စပ်လျဉ်းပြီး အိမ်အကူ မိန်းကလေး၏ အုပ်ထိန်းသူ အဒေါ်ဖြစ်သူ ဒေါ်ခင်မြင့်က ဇူလိုင် ၁၇ ရက်တွင် ဒဂုံမြောက်မြို့မရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးအာကာစိုးနောင်က '' အမှုက ကြာနေပြီ။ တစ်နှစ်နဲ့ သုံးလရှိနေပြီ။ ဒီအမှုကို ကိုင်တဲ့ ရဲအရာရှိနဲ့ တရားသူကြီးလည်း ပြောင်းသွားပြီ။ ရဲနဲ့ တရား ရေးဘက်က ဖြေရှင်းပေးမှု အားနည်းခဲ့တယ်လို့ မြင်တယ်။ အမှုကြန့်ကြာနေ တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ပြီးစုံစမ်းဖို့ သက်ဆိုင်ရာကိုလည်း တင်ပြသွားမယ်''ဟု ပြောသည်။

အိမ်အကူမိန်းကလေး မသန်းသန်းအိသည် ညှဉ်းပန်း နှိပ်စက်ခံရ၍ ရရှိခဲ့သည့် ဒဏ်ရာများကို မြောက်ဥက္ကလာ ဆေးရုံတွင် တစ်ပတ်မျှ ဆေးဝါးကုသမှု ခံယူခဲ့ရပြီး ပြင်ပတွင် ဆက်လက် ကုသခဲ့ရကြောင်းနှင့် ၂ဝ၁၅ ခုနှစ် မှစ၍ ယနေ့အချိန်ထိ ဒဂုံမြို့သစ်မြောက်ပိုင်း တရားရုံးတွင် ရုံးချိန်း ၄၁ ချိန်းရှိပြီဖြစ်ကြောင်း အုပ်ထိန်းသူ ဦးလေး ဖြစ်သူ ဦးတင်မျိုးဦးက ပြောသည်။

အမှုကြန့်ကြာနေမှုနှင့်စပ်လျဉ်းပြီး အိမ်အကူ မိန်းကလေး မသန်းသန်းအိအမှုတွင် အခမဲ့အမှုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ)မှ ရှေ့နေတစ်ဦးက ''တချို့သက်သေတွေက ပြစ်မှုကျူးလွန်သူနဲ့ ရင်းနှီးတဲ့အခါကျတော့ ရုံးချိန်းတွေမှာ သက်သေလာမထွက်တော့ ရုံးချိန်းပြန်ချိန်းရတာရှိတယ်။ မသန်းသန်းအိရဲ့အဖေကလည်း အမှုစစ်နေတဲ့ကာလမှာ ဆုံးသွားတယ်။ သက်သေပြန်ခေါ်တဲ့အခါမှာလည်း သူ့အဖေက ဆုံးသွားတော့ အသစ်ပြန်ခေါ်ရတယ်။ အချိန် ကြန့်ကြာသွားတယ်။ တရားသူကြီး အပြောင်းအရွှေ့ အပိုင်းမှာလည်း ရုံးချိန်းတစ်ချိန်း၊ နှစ်ချိန်းကြန့်ကြာသွား တာရှိတယ်''ဟု ပြောသည်။

အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဒေါ်အေးအေးဝင်း၊ အေးကျော်ဝင်း၊ မျိုးဇော်ထက်(ခ) ငဆားနှင့် ခင်သန္တာဦး(ခ) ဟယ်လင်တို့အား ဒဂုံမြောက် မြို့မရဲစခန်းက (ပ)၃၆၅/၂ဝ၁၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝရ/၃၂၅ ဖြင့်လည်းကောင်း၊ တစ်နှစ်ကျော်ကြာ တွင် ရန်ကုန်တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ဒဂုံမြောက်မြို့မရဲစခန်း၌ (ပ)၁၅၂၁/၂ဝ၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄/၃၂ ဖြင့်လည်း ကောင်း အမှုဖွင့်ကာ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးထားပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာ၂၉ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနက ကလေးသူငယ် ကာကွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ပြစ်မှု ကျူးလွန်သူများအား ဒဂုံမြောက် တရားရုံးတွင် ထပ်မံတရားစွဲဆို ထားကြောင်း သိရသည်

Credit - MOI WebPortal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။