ပြည်ပနိုင်ငံများစွာကို သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာ့လုပ်သားတွေထဲမှာ တရားဝင်လုပ်သားတွေထက် တရားမဝင်လုပ်သားတွေကတော့ ပိုမိုများပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြည်ပသွားရောက်လုပ်ကိုင်နေသူတွေထဲမှာ ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်သူတွေပိုမိုများပြားလျှက်ရှိပြီး မြန်မာ့လုပ်သားအများဆုံးရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၂ရက် ည ၈ နာရီက ထိုင်း နိုင်ငံ ချွန်ဖုန်းခရိုင် ခွန်ကထင် မြို့နယ် ကျေးရွာအမှတ် (၁၃) အမှတ် ၄၁ အာရှ လမ်းမကြီးမှာ တရားမဝင် မြန်မာနိုင်ငံသား ၂၃ ဦးတင်ဆောင်လာတဲ့ တိုရိုတာ ၄၆၆၁ (ရပ်ချဘူရီ) ပစ်ကပ်ကားတစ်စီး တိမ်းမှောက်သွားခဲ့ကြောင်းသိရပါတယ်။ 

အဆိုပါ ယာဉ်ကတော့ အရှိန်မြင့်မောင်းနှင်လာပြီး လမ်းမဘေးက သစ်ပင်ကိုဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့မြန်မာနိုင်ငံသားတွေ ကားပေါ်ကနေ လွှင့်စင်ပြုတ်ကျခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ၎င်းဖြစ်ပွားတဲ့နေရာမှာတင် မြန်မာနိုင်ငံသား အမျိုးသား (၄) ဦး ပွဲချင်းပြီး သေဆုံးကာ တခြားမြန်မာနိုင်ငံသား ၁၉ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး "လူကုန်ကူးကားမောင်းသမား နိုင်ပရမစ် အသက် ၂၃ နှစ် ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကားသမားရဲ့ ဝန်ခံချက်အရ မြန်မာနိုင်ငံ လူကုန်ကူးသူတစ်ဦးက သူ့ကိုဌာရမ်းခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်း ဘတ်ငွေ ၁၀၀၀ သယ်ဆောင်ခပေးပြီး ထိုင်းမြန်မာနယ်စပ် ရနောင်းကနေ စစ်ဆေးရေးဂိတ်တွေကိုကွေ့ရှောင်ဖြတ်ပြီး တောင်ပိုင်းစူလဌာနီကို မောင်းပို့ခဲ့တာဖြစ်ကြောင်း " ကနဦးသတင်းများအရသိရပါတယ်။ သေဆုံး ဒဏ်ရာရသူအားလုံးကို ချွန်ဖုန်းခရိုင် အူဒုန်ဆပ် ဆေးရုံကိုပို့ဆောင်ပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသပေးနေပါတယ်။ ချွန်ဖုန်းခရိုင်ဒုရဲမှူး ဝီချစ် ခန်ကို့ချကန် ကတော့ ခုလို တရားမဝင်သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို အဓိက လူကုန်ကူးသူတွေကို ဆက်လက် ဖေါ်ထုတ်အရေးယူသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Photos - Saw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။