ခေတ်ပေါ်သီချင်းတွေ ပေါ်လာတာ နှင့် အမျှ မြန်မာ့ တေးဂီတ က တဖြည်းဖြည်း ပျောက်ဆုံးလာရပါတယ်။ မြန်မာ တေးဂီတ အပေါ်မှီခိုပြီး အသက်မွေးဝမ်းကြောင်းနေရတဲ့ စန္ဒရားမြင့်ငြိမ်းမှာတော့.....

လှည်းတန်းမှာ မီးပွိုင့်မိနေတုန်း ကားဘေးကို အဖိုး တယောက်လာရပ်ပြီး သူလက်ထဲက CD အခွေကို ကားတံခါးမှန်မှာ ကပ်ပြီး ပြတယ်။ ကြည့်လိုက်တော့ မြန်မာသံဖြစ်နေတဲ့အတွက် စိတ်ဝင်စားသွားပြီး မှန်ချလိုက်တယ်။

"လူလေးရယ် ဒီအခွေလေးကို နားထောင်ကြည့်ပါ။ အဘ ကိုယ်တိုင် ရေး ဆို တီးထားပါ။ အားလုံး ၁၃ ပုဒ် ပါပါတယ်" တဲ့။

အခွေ ကာဗာကိုဖတ်ကြည့်လိုက်တော့ "စန္ဒရားမြင့်ငြိမ်း" လို့ တွေ့ရတယ်။ ဒါနဲ့ "အဖိုးက စန္ဒရားမြင့်ငြိမ်း ပေါ့" လို့ မေး ပြော ပြောလိုက်တော့ "ဟုတ်ပါတယ် လူလေးရယ်။ အဘ စန္ဒယားမြင့်ငြိမ်းပါ" လို့ ဆိုတယ်။

အဖိုးလက်ထဲက အခွေကို စမ်းဖွင့်ကြည့်ရင်း စကားဆက်ပြောဖြစ်တယ်။

"ဟာဗျာ ..... အဖိုးကလည်း ဒီအရွယ်ရောက်နေတာတောင် အနုပညာရှင်ကိုယ်တိုင် မီပွိုင့်မှာ ကိုယ့်အခွေကို ပြန်ရောင်းနေရတယ်။ ဟုတ်သေးပါဘူးဗျာ။ စိတ်မကောင်းလည်း ဖြစ်ရတယ်။ မိသားစုကရော ဘယ်မှာနေကြလဲ" လို့ ပြောလိုက်မိတယ်။

"အဘက နိုင်ငံတော်ကို အလုပ်တွေ အများကြီး လုပ်ပေးခဲ့ပါတယ်။ ယဉ်ကျေးမှုတက္ကသိုလ်မှာလည်း နည်းပြ လုပ်ခဲ့ပါတယ်။ အဘမှာ မိသားစုလည်း မရှိပါဘူး။ တကိုယ်တည်းပါ။ ရေစကြိုဇာတိပါ။ အခုတော့ အဘ စကားဝါလမ်းက မင်းကွန်း တိ နိကျောင်းမှာ ကပ်နေ နေပါတယ်။"

"ဟင်း ..... စိတ်မကောင်းပါဘူး အဖိုးရယ်။ ကျွန်တော်လည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ တခုတော့ရှိတယ် အဖိုး။ ကျွန်တော် အော်ဂင် အတီးသင်ချင်ပါတယ်။ အခုလောလောဆယ်တော့ မဟုတ်ပါဘူး။ အချိန်ရတဲ့အခါပေါ့။ အဲဒါ အဖိုး သင်ပေးနိုင်မလား။"

"သိပ် ရတာပေါ့ လူလေးရယ်။ သင်ချိန်တဲ့ အချိန် ပြောပါ။ ဖုန်းနံပတ် မှတ်သွား"

"အဖိုး ဟိုဒင်း ဟိုလေ ဟို သင်တန်းကြေးရော ဘယ်လို သတ်မှတ်ထားလဲ ခင်ဗျ။"

"အဘကို ငွေစကား မပြောပါနဲ့။ လူလေး တကယ်တတ်ချင်ဖို့ပဲ လိုပါတယ်။"

"စိတ်မရှိပါနဲ့ အဖိုးရယ်။ ကျွန်တော် တောင်းပန်ပါတယ်။"

"ရပါတယ်။ လူလေးလိုတဲ့အခါ ဖုန်းဆက်လိုက်ပါ။ မြန်မာသံကို နှစ်သက်တတ်တဲ့အတွက် အဘကလည်း လူလေးကို ကျေးဇူးတင်ပါတယ်" လို့ ပြောအပြီး မီးပွိုင့်က စိမ်းသွားတော့ ထွက်လာရပါတော့တယ်။

အဖိုး စန္ဒရားမြင့်ငြိမ်း တယောက် အိုကြီးအိုမနဲ့ စီဒီခွေထုတ်လေး လက်တဖက်ကဆွဲ စီဒီခွေလေးတွေကို လက်တဖက်ကကိုင်ရင်း နောက်တကြိမ် မီးပွိုင့် အမိကို ပြန်စောင့်ဖို့ နေပူကျဲတဲ ကားကြားကနေ ဂုံးတံတားအောက် ခဏဝင်သွားလေရဲ့။

အနုပညာ အသိုင်းအဝိုင်းတို့ခင်ဗျား..... ဒီအဖိုးကို ဘယ်လို ကူညီပေးလို့များ ရနိုင်မလဲ ?????

သူကိုင်တဲ့ဖုန်းက ၀၉၂၅၃၂၅၁၁၄၈ ပါတဲ့ ခင်ဗျ။ လို့ ဖေ့ဘွတ်သုံးစွဲ သူတစ်ယောက်က တင်ထားပါတယ်။

မြန်မာ့တေးဂီတကို ချစ်မြတ်နိုးရင် ဒီလင့် လေးကို share ပေးကြပါနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။