နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါတဲ့ တပ်မတော်ရဟတ်ယာဉ်ဟာ ဟိုက်ဒရောလစ်ဆီ ယိုစိမ့်မှုကြောင့် ဒီကနေ့ ရှမ်းပြည်နယ် မိုင်းတုံမြို့မှာ မြေပြင်ပေါ် အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါတဲ့ တပ်မတော် ရဟတ်ယာဉ်ဟာ မိုင်းဆတ်ကိုသွားဖို့ မိုင်းတုံမှပြန်တက်ပြီး သုံးမိနစ်အကြာမှာ ဟိုက်ဒရောလစ်ဆီယိုစိမ့်တဲ့အတွက် အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရတာလို့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပြခဲ့ပါတယ်။ 

“မိုင်းတုံမြို့နယ် ထွေအုပ်ခန်းမမှာ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး မိုင်းဆတ်မြို့ကို ပြန်လည်ထွက်ခွာဖို့ ပျံသန်းချိန်မှာ ပိုင်းလော့က ဆီယိုစိမ့်နေတာကြောင့် ဆက်လက်ပျံသန်းဖို့ မဖြစ်နိုင်ဘူးဆိုပြီး ပြန်လည်ဆင်းသက်ခဲ့ရတာပါ”။ အဆိုပါအရေးပေါ်ကိစ္စရပ်ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့ဟာ အရန်လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစီးကို ပြောင်းရွှေ့စီးနင်းကာ မိုင်းဆတ်မြို့ကို အန္တရာယ်ကင်းစွာ သွားရောက်နိုင်ခဲ့ပါတယ်။ 

ဆီယိုစိမ့်ခဲ့တဲ့ ရဟတ်ယာဉ်ကတော့ မိုင်းတုံလေယာဉ်ကွင်းမှာ ရပ်နားထားခဲ့ရပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ် ခရီးစဉ်သွားရောက် နေတာဖြစ်ပြီး မနေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီကနေ့ မနက်မှာတော့ ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ လူထုနဲ့ တွေ့ဆုံခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံ တာဆန်းတံတား တည်ဆောက်မှု ပန္နက်ရိုက်ပွဲအခမ်းအနားကို လည်းတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။