ဆီးခုံချင်းဆက်နေတဲ့ အမြွှာညီအကိုနှစ်ယောက်

မန္တလေးမြို့ ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေကြသည့် ဆီးခုံချင်းဆက် အမြွှာညီအစ်ကို မောင်ဝေယံငြိမ်းနှင့် မောင်ဝေယံဟိန်းတို့အား ယနေ့နံနက် ၉ နာရီမှ စတင်၍ ခွဲစိတ်ကုသမှု ပြုလုပ်နေပြီဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဆွေက ပြောကြားသည်။

“ကလေးတွေကို တစ်ဦးချင်းစီဖြစ်အောင် ခွဲစိတ်ဖို့ မနက် ၆ နာရီကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ခွဲစိတ်မှုကို မနက် ၉ နာရီက စတင်ခဲ့တယ်။ ခွဲစိတ်မှုက အနည်းဆုံး ၁၄ နာရီကြာနိုင်ပါတယ်။ ခွဲစိတ်မှု အားလုံးကောင်းပါတယ်”ဟု ၎င်းကပြောသည်။ အဆိုပါ ကလေးငယ်နှစ်ဦးကို မုံရွာမြို့နယ် ဗောဓိတစ်ထောင်အနီး ညောင်ပင်သာရွာမှ တောင်သူ ကိုအောင်ငြိမ်းနှင့် မမာလာစန်းတို့က ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် မုံရွာဆေးရုံ၌ မွေးဖွားခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် မန္တလေးမြို့ ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံသို့ ပြောင်းရွှေ့ကုသမှုခံယူပြီး တစ်နှစ်ကျော်အကြာတွင် ခွဲစိတ်မှုပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုကို မန္တလေးမြို့ရှိ ခွဲစိတ်ဆရာဝန်များ၊ ရန်ကုန်မြို့ဆေးရုံ များမှ ခွဲစိတ်ဆရာဝန်များအပြင် ကလေးအထူးကု ဆရာဝန်ကြီးများက ပူးပေါင်းပါဝင် ခွဲစိတ်ပေးလျက်ရှိပြီး ခွဲစိတ်မှုရလဒ်အဖြေကို မတ် ၂၄ ရက်တွင် ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။