မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲ တွင် သုံးကြိမ်ဆက်ယှဉ်ပြိုင်ခွင့်ရရန် ခြေစစ်ပွဲတွင် အိမ်ရှင် ဗီယက်နမ် အသင်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် ခြေစစ်ပွဲအုပ်စု (ဃ) ပွဲစဉ်များကို ဧပြီ ၃ ရက်မှ ၁၁ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ အီရန်၊ ဆီးရီးယား၊ စင်ကာပူတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိသည်။ ခြေစစ် ပွဲကျင်းပမည့် ပုံစံအရ အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး ရရှိသည့် ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

ယင်းအတွက်ကြောင့် မြန်မာအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန် အိမ်ရှင် ဗီယက်နမ်အသင်းနှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဧပြီ ၃ ရက်တွင် အီရန်၊ ဧပြီ ရ ရက်တွင် ဆီးရီးယား၊ ဧပြီ ၉ ရက်တွင် စင်ကာပူ၊ ဧပြီ ၁၁ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် နယ်သာလန်နိုင်ငံသား ရော်ဂျာ ရိုင်နာက ကိုင်တွယ်နေပြီး ၎င်းလက်ထက်တွင် ပထမဆုံးယှဉ်ပြိုင်သည့် အာရှအဆင့်ပြိုင်ပွဲလည်း ဖြစ်သည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာအမျိုးသမီး အသင်း တွင် အုပ်ချုပ်သူအဖြစ် ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်အဖြစ် ရော်ဂျာရိုင်နာ၊ လက်ထောက် နည်းပြများအဖြစ် ဒေါ်သက်သက်ဝင်းနှင့် ဦးအောင်နိုင်၊ ဂိုးနည်းပြအဖြစ် ဦးကိုကိုအောင်၊ အသင်းဆရာ ဝန်အဖြစ် ဒေါ်ယုနန္ဒာထွန်း၊ အကြောကျွမ်းကျင်အဖြစ် ဦးထွန်းဇော်၊ ကစားသမားများ အဖြစ် ဂိုးသမား-မြဖူးငုံ၊ မေဇင်နွယ်၊ ဇာဇာမြင့်၊ နောက်တန်း-ခင်သန်းဝေ၊ ငယ်ငယ်ထွေး၊ ဇင်မာ ထွန်း၊ လဲ့လဲ့လှိုင်၊ ဇင်မာဝင်း၊ ဖူးပွင့်ခိုင်၊ ဝေဝေ အောင်၊ အေးအေးမိုး၊ အလယ်တန်း-ခင်မာလာထွန်း၊ စန်းစန်းမော်၊ နော်အားလိုဝါးဖော၊ ခင်မိုမိုထွန်း၊ ရူပါခိုင်၊ အေးမိုးမြတ်၊ မေသူကျော်၊ လှယဉ်ဝင်း၊ ရှေ့တန်း-ခင်မိုးဝေ၊ ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် ၂ဝဝ၃ ခုနှစ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂ဝဝ၃၊ ၂ဝဝ၆၊ ၂ဝ၁ဝ၊ ၂ဝ၁၄ ခုနှစ်တို့တွင် ယှဉ်ပြိုင်ခွင့်ရခဲ့ကာ လေးကြိမ်စလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရ သည်။

သတင်း-ရှိုင်းထက်ဇော်၊

ဓာတ်ပုံ-ဖိုးသော်ဇင်

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။