အရာရာ စားတာသောက်တာသွားတာလာတာကအစ အခုအချိန်အထိ အမေဖြစ်သူရဲ့ အရိပ်အာဝါသအောက်က မလွတ်နိုင်သေးတဲ့ အရွယ်ရောက်ပြီးယောကျာ်းလေးတွေနဲ့ လက်တွဲထားရတဲ့ ကောင်မလေးတွေအတွက်။

၁။ စည်းထားပါ။

ဒါက ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်လို့ ပြောချင်ပါတယ်။ ကျွန်မတို့ချစ်သူကတော့ အမေချစ်သားပါလို့ သူ့ရှေ့မှာရော၊ သူ့နောက်ကွယ်မှာရော ဘယ်သူ့ကိုမှ မပြောမိပါစေနဲ့နော်။ အဲဒါက ရှော့အကြီးကြီး ရှိပါတယ်။ သူတို့ကသာ အမေ့ရင်ခွင်ထဲ လူပျိုဖြစ်တဲ့အချိန်ထိ တိုးဝှေ့နေချင်တာ လူသိတော့မခံချင်ဘူးရယ်။ အဲဒီ့အစား ကိုယ့်ချစ်သူက ကိုယ့်အပေါ် ဘယ်လောက်ချစ်မြတ်နိုးကြောင်း၊ သူ့ရဲ့မိဘအပေါ် ဘယ်လိုကောင်းတဲ့သားတစ်ယောက်ဖြစ်ကြောင်း သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်းရှေ့မှာ ခဏခဏသာပြောပေတော့။ အဲဒီလိုလုပ်ခြင်း အားဖြင့် ကိုယ့်ချစ်သူ အမေချစ်သားလေးဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိလာပြီး အချိန်တစ်ခုရောက်တဲ့အခါမှာတော့ မားမားရဲ့ အရိပ်အောက်ကလွတ်မြောက်လာပါလိမ့်မယ်လို့ စီနီယာမမတွေက အကြံပေးကြပါတယ်။

၂။ ဘယ်အမေမှ ကြားမဝင်ပါစေနဲ့။

တစ်ချို့မိန်းကလေးတွေကျတော့ ယောက်ခမကိုသာ သူတို့နှစ်ကိုယ်ကြား မဝင်စေချင်တာ။ ကိုယ့်မားမားကြတော့ နေရာအရမ်းပေးတာမျိုးရှိတတ်ကြပါတယ်။ ကိုယ့်မားမားကိုကျ နှစ်ယောက်တည်း သိတဲ့ လျှို့ဝှက်ချက်ကို ပြောပြထားတာမျိုး။ အရေးပေါ် အိမ်သော့ထားတဲ့နေရာကို ပေးသိထားတာမျိုးတွေကအစပေါ့။ ဒါမျိုးလုပ်လို့ကတော့ တူနှစ်ကိုယ် ဆက်ဆံရေး ဂွမ်းပြီသာ မှတ်လိုက်ပါတော့။ “ကျွန်မနဲ့လက်ထပ်ခြင်းက သူရော၊ ကျွန်မအတွက်ရော အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်ဆိုတာကို သူ့ကိုသိအောင်ပြောပြတယ်။ ကျွန်မတို့နှစ်ယောက်ကြားမှာရှိတဲ့ ကိစ္စအဝဝကို ဘယ်သူနဲ့မှ မတိုင်ပင်ပါဘူး။ အဓိကတော့ သူလည်း သူ့ရဲ့မေမေကို အလုံးစုံပြောပြတိုင်ပင်နေတာကို မကြိုက်တဲ့အတွက် ကျွန်မကိုယ်တိုင်ကလည်း ကျွန်မရဲ့ မိသားစုတွေ၊သူငယ်ချင်းတွေ ဘယ်သူနဲ့မှမတိုင်ပင်ပါဘူး။ အဲဒါကိုလည်း သူမြင်အောင်၊ သူသိအောင် ပြထားတယ်။“လို့ တစ်ယောက်ကနေ သူမရဲ့အတွေ့အကြုံကို မျှဝေခဲ့ပါတယ်။ 

၃။ သူ့ကိုမရွေးချယ်ခိုင်းပါနဲ့။

“ကျွန်မနဲ့ ရှင့်မေမေနဲ့ ဘယ်သူ့ကို ပိုချစ်လဲ“ဆိုတာမျိုးတွေ၊ “ကျွန်မနဲ့ ရှင့်မေမေနဲ့ နှစ်ယောက်အတူတူရေနစ်ရင် ဘယ်သူ့ကို အရင်ကယ်မှာလဲ” ဆိုတဲ့ ကလေးဆန်ဆန် မေးခွန်း တွေ မေးပြီး သူ့ကို မရွေးချယ်ခိုင်းပါနဲ့။ ယောင်လို့တောင် လုံးဝမမေးမိပါစေနဲ့နော်။ သာမန်စုံတွဲတွေအတွက်ကတော့ ဒါမျိုးဟာ ကလူကျီစယ်ရင်း အချစ်စမ်းလို့ရတဲ့ နည်းလမ်းတွေဖြစ်ပေမယ့် သူတို့တွေအတွက်ကတော့ မီးတောင်ကြီးပေါက်သလို ခံစားရမယ့် စကားတွေ ဖြစ်နေလို့ပါပဲ။ တစ်ယောက်ယောက်ကို ပိုချစ်ပါတယ်လို့ ဖြေလို့လည်း ပျော်စရာကောင်းမယ် မထင်ပါဘူး။ ဖြေလည်း စိတ်ထဲက ပါတဲ့အဖြေလုံးဝ မဟုတ်ပါဘူးတဲ့နော်။ 

၄။ ယောက္ခမကို ဖားပါ။

ဒါက အကြီးအကျယ် မေမေရေ .... မေမေရေ .... ခေါ်ရင်း သူ့သားလုပ်သလို ချွဲနွဲ့ခိုင်းနေတာမျိုး မဟုတ်ပါဘူးနော်။ လွယ်သယောင်ယောင်နဲ့ ခက်တဲ့ကိစ္စဖြစ်ပေမယ့် ကြိုးစားပြီး သူ့ရဲ့ မေမေနဲ့ ခင်မင်အောင် ဖားကြည့်ပါလား။ “မေမေ့အိမ်နေ့တိုင်းသွားပြီး ထမင်းဟင်းချက်ပေးရမယ်၊ နေ့တိုင်းဖုန်းတွေဆက်ပြီး အပျင်းဖြေပေးရမယ် မဟုတ်ပါဘူး။ ကျွန်မကတော့ စိတ်ရှင်းရှင်း လေးထားလိုက်ပြီး အလှဆုံးပြုံးပြတယ်။ အကောင်းဆုံး ပြောဆိုတယ်။ ပုံမှန်ထက်တော့ နည်းနည်းပိုပြီး သူမကို အလေးပေးတာပေါ့နော်။ ကြာတော့ သူမနဲ့ ကျွန်မ တဖြည်းဖြည်း ပိုမိုနွေးထွေးလာတယ်” လို့ အတွေ့အကြုံတစ်ခုကနေ ပြောပြထားပါတယ်။ တစ်လတစ်ကြိမ် ညစာ အတူတူထွက်စားတာပဲဖြစ်ဖြစ်၊ နှစ်ပတ်တစ်ကြိမ်လောက် မားမားအိမ်သွားလည်ပေးတာပဲဖြစ်ဖြစ် တော့ လုပ်ပေးကြည့်ပါ။ မင်းက သူမဆီကနေ သူ့သားကို ခွဲထုတ်သွားတာမျိုးလုပ်တာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးဆောင်တဲ့ အပြုအမူလေးတွေကိုတော့ ပြပေးရမယ်နော့်။

၅။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။

သူ့မေမေကစလို့ သူ့မိသားစုကို မင်းနဲ့မဆိုင်ရင် မဝေဖန်တာ အကောင်းဆုံးပါပဲ။ အရင်ကတည်းက သူဟာ အမေချစ်သားဆိုတော့ သူ့မေမေမကောင်းကြောင်း၊ သူ့မိသားစု မကောင်းကြောင်း သွားပြောလို့ အဆင်ပြေမယ် မထင်ပါဘူးနော်။ အဲဒီ့အစား သူ့ရဲ့မေမေနဲ့ သူ့အပေါ် ကောင်းတာလေးတွေရွေးပြောတာမျိုး၊ သူမဟာ ဘယ်လောက်တော်တဲ့ အမျိုးသမီးဖြစ် ကြောင်းသာ အခွင့်အရေးရရင် ဖိပြောပေးပါတော့။ အဲဒီကနေတစ်ဆင့် မင်းဟာ သူယုံကြည်ရတဲ့သူလို့ တစ်ဖြည်းဖြည်း လက်ခံလာတဲ့အခါ အခြေအနေတွေက ပြောင်းလဲလာပါလိမ့်မယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။