မန္တလေးမြို့ ခုတင်(၅၅ဝ)ဆံ့ကလေးဆေးရုံတွင် ၁၄ လ အကြာ တက်ရောက် ဆေးကုသမှုခံယူနေသည့် ဆီးခုံချင်းဆက် အမြွှာကလေးများအား မတ် ၂၃ ရက်တွင် တစ်ဦးချင်းစီဖြစ်အောင် ခွဲစိတ်နိုင်ခဲ့ပြီး ၄င်းတို့အနက် အကြီးဖြစ်သူ မောင်ဝေယံငြိမ်းမှာ မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

''ဆရာဝန်ကြီးတွေ ဂရုတစိုက်ကုသပေးနေတဲ့ကြားထဲက အခုလိုဖြစ် သွားတာ သူရဲ့ကံက ဒီလောက်ပဲပါတယ်လိုထင်ပါတယ်။ ဆရာဝန်ကြီးတွေ ဝမ်းနည်းနေတဲ့ကြားက ကျန်ခဲ့တဲ့ သားငယ်လေးကို ပိုချစ်ပြီး ပိုဂရုစိုက်ပေးကြမယ်လို လာပြီးအားပေး ကြပါတယ်'' ဟု ကလေး၏ မိခင်ဖြစ်သူ ဒေါ်မာလာစန်းက ပြောသည်။

အဆိုပါသေဆုံးသွားသည့် မောင်ဝေယံငြိမ်းကို မတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် အေးရိပ်ငြိမ်းသုသာန်သို့ သွားရောက်ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့ပြီး လက်ရှိတွင် ကျန်ရှိနေသော အငယ်ကလေးဖြစ်သည့် မောင်ဝေယံဟိန်းမှာ ကျန်းမာရေးအခြေနေကောင်းမွန်လျက်ရှိပြီး ရေစတင်သောက်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆီးခုံချင်းဆက်ကလေးငယ်ကို တစ်ဦးစီဖြစ်စေရန် ၁၄ နာရီ ၃၅ မိနစ်ကြာခွဲစိတ်ခဲ့ပြီး ခွဲစိတ်ခန်းမှ ထိုည ၁ဝ နာရီခွဲတွင် အထူးကုသ ကြပ်မတ်ဆောင်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း မတ် ၂၄ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အထူးကုဆရာဝန်ကြီး(ခွဲစိတ်) တွဲ ဖက်ပါမောက္ခ ဒေါက်တာမောင်မောင်လွင်က ပြောကြားသည်။

''အရေးကြီးဆုံးဖြစ်တဲ့ တစ်ဦးချင်းစီခွဲစိတ်မှုပြီးသွားပေမယ့် အူမကြီးက တစ်ချောင်းတည်းပါတော့ လိုသလို ခွဲစိတ်ပြီး ခွဲတမ်းချပေးခဲ့တယ်။ပုံမှန်စအိုဝက ဝမ်းသွားနိုင်အောင် တစ်ယောက်ချင်းစီ ခွဲစိတ်ပေးရမှာက အနည်းဆုံးနှစ်လ ကြာပြီးမှခွဲစိတ်ပေးရမယ်။ စအိုဝဖောက်ပြီးသွားရင်လည်း ယာယီအလုပ်လုပ်နေရတဲ့ အူမကြီးလမ်းကြောင်း လွှဲထားတာတွေ ပြန်ကောင်းရင် ပြန်ပိတ်ပေးရဦးမယ်။

မေဂျာ နှစ်ဆင့် သုံးဆင့် လုပ်ပေးဖို့ကျန်သေးတယ်။နောက်ထပ် ငါးလလောက် ဆေးရုံမှာ ပြုစုစောင့်ရှောက်ပေးရဦးမယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ဆက်လက်လုပ်ဆောင်ရမည့် ခွဲစိတ်မှုများတွင် အရေးကြီးပြီး ကလေးငယ် များ၏ ဝှေးစေ့မှာ ပေါင်ခြံအတွင်းသားတွင် ရှိနေသဖြင့် နေရာမှန်ရောက်အောင် ခွဲစိတ်ပေးရမည်ဖြစ်ကြောင်း၊ တစ်ဦး၏ ဝှေးစေ့ နှစ်ခုကို ကပ်ပယ်အိတ်နေရာ၌ တစ်ခါတည်းနေရာချပေးနိုင်သော်လည်း တစ်ဦးတွင် တစ်လုံးတည်းသာ နေရာပေး နိုင်သေးသဖြင့် ၄င်းအတွက် ခွဲစိတ်ကုသမှုဆက်လက်လုပ်ဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

ကြေးမုံသတင်းစာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။