တရုတ်နိုင်ငံမြောက်ပိုင်းတွင် တိုက်ခန်းများစွာပါရှိသည့် အဆောက်အအုံတစ်ခု၌ အင်အားပြင်းထန်သည့် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ နေအိမ်တိုက်ခန်းပေါင်း ၈၃ လုံးထိခိုက်ပျက်စီးခဲ့ပြီး လူသုံးဦးသေဆုံးကာ ၂၅ ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။

အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့က ပေါက်ကွဲမှု အပြီးတွင် လူပေါင်း ၂၅၉ ဦးကို ပြန်လည်နေရာချထားပေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုသည် စနေနေ့ညနေခင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲမှု အရှိန်မှာ အလွန်ပြင်းထန်သောကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့် အဆောက်အအုံ နှင့် ဆက်သွယ်ထားသည့် ဘလော့တုံးများ ထိခိုက်ပျက်စီးလုနီးနီး ဖြစ်သွား ခဲ့သည်။ အနီးအနား အဆောက်အအုံပြတင်းတံ ခါးများမှာလည်း အစိတ်စိတ် အမြွာမြွာ ကြေမွပျက်စီးသွားခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ခဲ့ရာ ယခုအခါ အခြေအနေတည်ငြိမ်မှုရရှိနေပြီဖြစ်သည်ဟု ပြောကြားသည်။ လျှပ်စစ် ဓာတ်အား၊ ရေနှင့် မီးလောင်ကျွမ်းမှု ထိန်းချုပ်ရေးအဖွဲ့သားများသည် ပေါက်ကွဲမှု ကြောင့် နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ထပ်မံမဖြစ်ပွားစေရေး ခိုင်မာ သေချာစေရန် ကြိုးပမ်းဆောင်ရွွက်လျက် ရှိကြောင်း အာဏာပိုင်များက ပြောကြား ခဲ့သည်။

အဘယ့်ကြောင့် လူနေတိုက်ခန်းများစွာပါရှိသည့် ယင်းအဆောက်အအုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ အစောပိုင်း တွင် သဘာဝဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရသည်ဟူသော သတင်းပေး ပို့မှုများရှိခဲ့သည်။

(ဆင်ဟွာ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။