Nvidia က ကမ္ဘာအဝန်းမှ စမတ်မြို့တော်များအတွက် မျက်နှာအာရုံခံ နည်းပညာကို ဖန်တီးဖို့အတွက် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ AnyVision နဲ့ ပူးပေါင်းလိုက်ပါတယ်။ ကုမ္ပဏီနှစ်ခုဟာ CCTV ထောက်လှမ်းရေးကင်မရာများမှာ အလိုအလျှောက်မျက်နှာ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို ထည့်သွင်းကြမှာဖြစ်ပါတယ်။ AnyVision က တစ်ရက်လျှင် 24 နာရီအပြည့် မျက်နှာများကို စဉ်ဆက်မပြတ် ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အကြမ်းဖက်သမားများ၊ ရာဇဝတ်သားများကို လူအုပ်များကြားထဲကနေ 99 ရာခိုင်နှုန်းတိကျမှုဖြင့် ထောက်လှမ်းနိုင်တယ်လို့ ပြောပါတယ်။ 

ကုမ္ပဏီက CCTVကင်မရာများကနေ ရယူထားတဲ့ ကိုယ်ရေး ကိုယ်တာ သတင်းအချက်အလက်များကို ကာကွယ်ပေးထားမယ်လို့လည်း ပြောပါတယ်။ AnyVision ရဲ့ နည်းပညာဟာ ပလက်ဖောင်းအားလုံးမှာ အလုပ်လုပ်တဲ့အတွက် ကွန်ပျူတာများ၊ တက်ဘလက်နဲ့ စမတ်ဖုန်းများမှာ အသုံးပြုနိုင်ပါတယ်။ အော်ပရေတာများက ရာဇဝတ်သားများ၊ အကြမ်းဖက်သမားများ၊ မသင်္ကာသူများကို ပင်မဒေတာဘေ့စ်မှာ ထည့်သွင်းနိုင်ပြီး သူတို့ကို ကင်မရာများက တွေ့ရှိပြီဆိုတာနဲ့ အသိပေးမှုများ ပြု လုပ်ပေးနိုင်ပါတယ်။ Nvidia ဟာ ကမ္ဘာအဝန်းမှ မြို့တော်များအတွက် ဉာဏ်ရည်တုနည်းပညာပါတဲ့ ထောက်လှမ်းရေး ကင်မရာများကို ဖန်တီးဖို့အတွက် ကုမ္ပဏီများစွာနဲ့ ပူးပေါင်းနေပါတယ်။ ယခုစီမံကိန်းဟာလည်း အဲဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။  

သူ့ရဲ့ လက်တွဲဖက်ကုမ္ပဏီများထဲမှာ Cisco, Genetec, Omini AI, MotionLoft တို့ပါဝင်ကြပါတယ်။ ဒီနည်းပညာဟာ လူများရဲ့ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ကို ထိပါးစေတယ်လို့ လူ့အခွင့်အရေးလှုပ် ရှားသူများက ဝေဖန်နေကြပါတယ်။ ဒါပေမယ့်လည်း လူ့အသက်ပေါင်း များစွာကို ဒီနည်းပညာက ကယ်တင်ပေးနိုင်ပါတယ်။ ဒီနည်းပညာက ရာဇဝတ်သားများစွာကို လျင်မြန်စွာ ထောက်လှမ်းပေးနိုင်သလို ပျောက်ဆုံးနေတဲ့ လူများကိုလည်း ရှာဖွေပေးနိုင်ပါတယ်။ စမတ်မြို့တော်များမှာ ဒီနည်းပညာဟာ အရေးပါလာမှာဖြစ်ပါတယ်။

Source: Net Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။