ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား ဆန်ဆိုင်း(က) ရပ်ကွက်၌ မတ် ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ထိုင်းနိုင်ငံသား မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်မှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မတ် ၂၆ ရက် နံနက် ၉ နာရီခန့်က မြန်မာ-ထိုင်းနယ်စပ်အမှတ်(၁)ချစ်ကြည်ရေးတံတား၌ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာချီလိတ်သို့ ထိုင်းနံပါတ် ဟိုင်းလတ်အမျိုးအစား မော်တော်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင် မည်ဖြစ်ကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့သည် ဖမ်းဆီးနိုင်ရေးအတွက် စောင့်ဆိုင်းခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲတွင် မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ မော်တော်ယာဉ် ရောက်ရှိလာသဖြင့် စစ်ဆေးရှာဖွေရာ ထိုင်းနိုင်ငံသား လိထိကိုင်နစုဝမ်း(ခ)နိုင်းအို မောင်းနှင်ပြီး မြန်မာနိုင်ငံသူ နန်းခမ်းဟုန် လိုက်ပါလာသည့် ထိုင်းနံပါတ်ပါ မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ COLTS GOVERNMENT MODEL စာတန်းပါ ပွိုင့် ၄၅ အမျိုးအစား ယင်းကျည်ရှစ်တောင့်ပါ ကျည်ဘောက် တပ်လျက် ပစ္စတိုသေနတ် တစ်လက်၊ ပွိုင့် ၄၅ ကျည်ရှစ်တောင့်စီပါ ကျည်ဘောက်နှစ်ခု၊ ပွိုင့် ၄၅ ကျည်တောင့် ၅ဝ ပါ အမဲရောင်ပလတ်စတစ်ဘူး တစ်ဘူး၊ Ruger 216-45697 နံပါတ်ပါ ပွိုင့် ၂၂ အမျိုးအစား ယင်းခဲထိပ်ဖူးကျည် ၁ဝ တောင့်ပါ ကျည်ဘောက် တပ်လျက် သေနတ်အတိုတစ်လက်၊ ပွိုင့် ၂၂ ခဲထိပ်ဖူးကျည် ၁ဝ တောင့်ပါ ကျည်ဘောက် တစ်ခု၊ 9 MM 52A050253နံပါတPARA အမျိုးအစား ယင်းကျည် ခြောက်တောင့်ပါ ကျည်ဘောက်တပ်လျက် မိန်းမကိုင်သေနတ်အတို တစ်လက်၊ 9 MM ကျည် ခြောက်တောင့်ပါကျည်ဘောက်တစ်ခု၊ ထိုင်းဖုန်းနံပါတ်ပါ ဆမ်ဆောင်း ဟန်းဆက် အမျိုးအစားဖုန်းတစ်လုံးတို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အမှုမှ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ လိထိကိုင်နစုဝမ်း (ခ)နိုင်းအို (၄၁ နှစ်) အမှတ်(၃၇၃) အကွက်(၂ဝ) ဖန်မြို့နယ် ချင်းရိုင်းခရိုင် ထိုင်းနိုင်ငံ နေသူနှင့် နန်းခမ်းဟုန် (၃၆ နှစ်)၊ မယ်ယန်းကျေးရွာ ဖန်မင်အုပ်စု တာချီလိတ်မြို့နယ် နေသူတို့နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။