ဂျပန်နိုင်ငံရဲ့ အထင်ရှားဆုံးတောင်တစ်ခုလို့တောင် ဆိုလိုက်တာနဲ့ ဖူဂျီတောင် လို့ဆိုရမှာပါ။ ဂျပန်နိုင်ငံရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ဒီတောင်ဟာ ပစိဖိတ်ကမ်းရိုးတန်းအနီးက ဟွန်ရှုးကျွန်းမှာတည်ရှိပြီး အမြင့် ၃၇၇၆မီတာ(၁၂၃၈၉ပေ) ရှိပြီး ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။ တစ်နှစ်မှာ ငါးလခန့် တစ်တောင်လုံးနှင်းတွေဖုံးနေတတ်လေ့ရှိပါတယ်။ သက်ရှိမီးတောင်ဖြစ်ပြီး နောက်ဆုံးပေါက်ကွဲမှုကတော့ လွန်ခဲ့သောနှစ် ၃၀၀ခန့် ၊ ၁၇၀၇ခုနှစ် ဒီဇင်ဘာ ၁၆ရက်မှာ ပေါက်ကွဲခဲ့ပါတယ်။ ဖူဂျီတောင်ဟာ မြို့တော်တိုကျိုနဲ့ ၆၂မိုင်ကွာဝေးပြီး အဲဒီတုန်းကပေါက်ကွဲမှုကြောင့် မီးတောင်ပြာတွေဟာ တိုကျိုအထိတောင် ရောက်ရှိခဲ့ပါတယ်။ ဖူဂျီဆိုတဲ့နာမည်ဟာ မီး နဲ့ တောင်ကိုပိုင်စိုးသူ Fuchi နတ်ဘုရားမ ကနေ ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အေဒီ ၆၆၃ခုနှစ်မှာ အမည်မသိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးကတစ်ဆင့် လူအများဆီပြန့်နှံ့ခဲ့ပြီး ဖူဂျီတောင်ဟာ စတင်နာမည်ကြီးခဲ့ပါတယ်။ ၇ ရာစုနှစ်လောက်တည်းက ရှင်တိုဘာသာရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

ရှေးကဆာမူရိုင်းဓားသမားတွေနဲ့ ဓားရေးလေ့ကျင့်ရာနေရာဖြစ်ပြီး လူတိုင်းတက်ရောက်ခွင့်မရှိတဲ့ တောင်လည်းဖြစ်ပါတယ်။ အလွန်လှပတာကြောင့် ခေတ်အဆက်ဆက်ဂျပန်စာပေတွေမှာ တမြတ်တနိုးထည့်ရေးခဲ့ရတဲ့ တောင်လည်းဖြစ်ပါတယ်။ ဖူဂျီတောင်ဟာ ဂျပန်နိုင်ငံရဲ့ သန့်စင်မွန်မြတ်တဲ့တောင် ၃တောင်ထဲက တစ်တောင်ဖြစ်ပြီး ကျန်တဲ့နှစ်တောင်ကတော့ Tate တောင် နဲ့ Haku တောင်တွေပဲ ဖြစ်ပါတယ်။ ဖူဂျီတောင်ရဲ့ဘေးပတ်ပတ်လည်မှာတော့ Kawaguchiko, Yamanakako, Saiko, Motosuko and Shojiko စတဲ့ ရေကန် ၅ကန် ရှိပါတယ်။ တောင်ကို ဝိုင်းရံထားတဲ့ မြို့ ၃မြို့ကတော့ Gotemba ၊ Fujiyoshida နဲ့ Fujinomiya မြို့ တို့ဖြစ်ပါတယ်။ ဖူဂျီတောင်ကို သွားနိုင်တဲ့ မီးရထားလမ်းကြောင်း လေးခုရှိပြီး နှစ်စဉ် တောင်တက်သူ အယောက် ၂သိန်းကျော်ရှိပြီး ကမ္ဘာ့တောင်တက်သူအများဆုံးတောင်လည်း ဖြစ်ပါတယ်။

တောင်တက်လို့အကောင်းဆုံး တရားဝင်ခွင့်ပြုထားတဲ့ ရာသီက ဇူလိုင် နဲ့ သြဂုတ်လဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရာသီဥတုဟာ အလွန်သာယာပြီး နှင်းထုတွေကင်းစင်လေ့ရှိတာကြောင့် သဘာဝရဲ့အလှအပ နဲ့ အကောင်းဆုံးမြင်တွေ့ ခံစားနိုင်မှာဖြစ်ပါတယ်။အပူချိန်ကတော့ ပျမ်းမျှအားဖြင့် နွေရာသီမှာ ၇ဒီဂရီဆဲစီးယပ်ရှိပြီး ဆောင်းရာသီမှာတော့ -၂၁ဒီဂရီ ဆဲစီးယပ်ရှိပါတယ်။ တခါတရံ -၃၅ဒီဂရီ ဆဲစီးယပ် အထိကျဆင်းလေ့ရှိတာကြောင့် သတိထားပြီးတက်သင့်ပါတယ်။ တောင်ထိပ်ကို ပထမဆုံးရောက်ခဲ့တဲ့ နိုင်ငံခြားသားကတော့ ဗြိတိန်လူမျိုးတစ်ဦးဖြစ်တဲ့ Sir Rutherford Alcock ဖြစ်ပြီး ၁၈၆၈ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်မှာတော့ ဖူဂျီတောင်ကို မြင်ရရင် ကံကောင်းတတ်တယ်လို့ ယုံကြည်ကြပါတယ်။ဒါကြောင့်လည်း ဂျပန်လူမျိုးအများစုဟာ ဖူဂျီတောင်ကို မကြာခဏတက်ကြလေ့ရှိတာဖြစ်ပါတယ်။ ဖူဂျီတောင်ကို UNESCO ကလည်း ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ထည့်သွင်းထားပါတယ်။

Source : Original uploader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။