စိုင်းစိုင်းခမ်းလှိုင်ဟာ ရက်ပ်ပါတစ်ယောက်ဖြစ်ပါတယ်၊ သရုပ်ဆောင်လည်းလုပ်တယ်၊ ဒါရိုက်တာလည်း လုပ်တယ်၊ ဝတ္ထုတွေလည်း ရေးဖူးတယ်။ ဒါပေမဲ့ အဆိုတော်တစ်ယောက်အနေနဲ့ သူအအောင်မြင်ဆုံးပါပဲ။ အောင်မြင်တာမှ ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်ခဲ့တယ်။ ဒီနေ့ထိလည်း အောင်မြင်နေတုန်းပဲ။ တကယ်တော့ အောင်မြင်ဖို့ထက် ရလာတဲ့အောင်မြင်မှုကို ထိန်းသိမ်းဖို့က ပိုခက်ပါတယ်။ သီချင်းတစ်ပုဒ်၊ အယ်လ်ဘမ်တစ်ခု ပေါက်ခဲ့၊ အောင်မြင်ခဲ့သူတွေ အများကြီးပါ။ ဒါပေမဲ့ သီချင်းတွေအများကြီး၊ အယ်ဘမ်တွေအများကြီး အောင်မြင်တဲ့သူ ဆိုရင်တော့ လက်ချိုးရေလို့တောင် ရလောက်တဲ့အထိ ဖြစ်သွားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကတော့ အဲဒီလူနည်းစုထဲက တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အကြောင်းပြချက်မျိုးစုံနဲ့ သူ့ကို မကြိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အတ္ထုပတ္တိစာအုပ် ထုတ်ရလောက်တဲ့အထိ မဟုတ်တောင် သူ့မှာ အောင်မြင်သူတစ်ယောက်အနေနဲ့ အတုယူစရာတွေ ရှိနေတာကိုတော့ ငြင်းမရပါဘူး။

၁။ Vision ရှိခြင်း

လူတစ်ယောက်အတွက်ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုအတွက်ပဲဖြစ်ဖြစ် Vision လို့ခေါ်တဲ့ အနာဂတ်အမြင်ဟာ သိပ်အရေးကြီးပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်ဘာဖြစ်ချင်တယ်၊ ရှေ့အနာဂတ်မှာ ခေတ်က ဘယ်လိုပုံစံပြောင်းလာဖို့ရှိတယ်၊ အဲဒီအတွက် ကိုယ်ဘာတွေပြင်ဆင်ထားရမယ် ဆိုတာ သိထားဖို့လိုပါတယ်။ စိုင်းစိုင်းခမ်းလှိုင်နာမည်ကြီးစက အင်တာဗျူးတစ်ခုမှာ ဒီလိုဖြေထားပါတယ်။

“အရင်ခေတ်က စိုင်းထီးဆိုင်တို့ ဇော်ဝင်းထွဋ်တို့ နှစ်တွေအများကြီး နာမည်ကြီးခဲ့တယ်၊ ဒီခေတ်မှာတော့ အဲဒီလိုနာမည်ကြီးဖို့ သိ်ပ်မလွယ်တော့ဘူး။ ကျွန်တော် အများကြီး ကြိုးစားမှရမယ်”

ပြိုင်ဆိုင်မှုတွေ အရမ်းပြင်းထန်လာမဲ့ခေတ်ကို ကြိုမြင်ပြီး ကြိုပြင်ဆင်ထားတဲ့အတွက် သူဒီလို အောင်မြင်ခဲ့တာလို့ ဆိုရပါမယ်။

၂။ အပြောင်းအလဲမှာ လိိုက်ပါနိုင်ခြင်း

ခေတ်က အမြဲပြောင်းနေပါတယ်။ ဒီခေတ်ရဲ့ အပြောင်းအလဲတွေက ပိုဆိုးပါတယ် ပိုမြန်ပါတယ်။ အဲဒီအခါ အပြောင်းအလဲတွေမှာ လိုက်ပါနိုင်စွမ်းက အောင်မြင်ဖို့အတွက် မဖြစ်မနေ အရေးပါလာတယ်။

ဂီတဘက်မှာလည်း အတော်လေး ပြောင်းလဲပါတယ်။ သီချင်းပုံစံတွေ တင်ဆက်မှုတွေ စာသားတွေ တီးလုံးတွေဟာ အရင်နဲ့အတော်လေး ကွဲပြားလာပါတယ်။ ဒီအခါ ပုံစံတစ်မျိုးတည်းပဲ ကိုင်စွဲထားသူတွေ ပြုတ်ကျကုန်ပါတယ်။ အပြောင်းအလဲမှာ လိုက်ပါခြင်းဟာ ဟိုခုန်ဒီခုန် လုပ်တာနဲ့လည်း မတူပါဘူး။ အထူးသဖြင့် ရေရှည်အောင်မြင်လိုသူတွေအနေနဲ့ ပိုပြီးတော့ သတိထားရမဲ့ အပိုင်းဖြစ်ပါတယ်။ ခေတ်ကို မျက်ခြေပြတ်လို့ မဖြစ်ဘူး။ စောင့်ကြည့်နေရတယ်၊ အပြောင်းအလဲတွေမှာ လိုက်ပါနေရတယ်။ တစ်ဖက်ကလည်း အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆပြီး ပြင်ဆင်ထားကြရတယ်။ ဒါမှသာ ရေရှည်အောင်မြင်နိုင်တဲ့ခေတ်ကို ရောက်လာပါပြီ။ စို်င်းစိုင်းခမ်းလှိုင်ကတော့ ရက်ပ်စာသားတွေ တီးလုံးတွေ တင်ဆက်မှုတွေ ဖက်ရှင်တွေ၊ နောက်ပြီး Body structure ကအစ ခေတ်နဲ့အမြဲတမ်း အပြိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

၃။ ကြိုးစားအားထုတ်မှုရှိခြင်း

သူနဲ့လည်း မသိဘဲနဲ့ သူကြိုးစားမှန်း ဘယ်လိုသိလဲဆိုရင်တော့ သူ့ရဲ့သီချင်းတွေကတစ်ဆင့် သိတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းများစွာ နဲ့ ဖေဖော်ဝါရီမှတ်တမ်း ကပ်လျက်ထွက်တဲ့အခွေ(၂)ခွေမှာတောင် သူရဲ့ ရက်ပ်ဆိုပုံတွေ စာသားတွေ အတော်လေး ကွာသွားတာကို သတိထားမိခဲ့ပါတယ်။ မကြိုးစားဘဲ အောင်မြင်နေတဲ့သူရယ်လို့လည်း လောကမှာ မရှိတော့ ဒီအကြောင်းကို အကျယ်မချဲ့တော့ပါဘူး။

၄။ ဝေဖန်မှုတွေကို အကောင်းဆုံးတုံ့ပြန်နိုင်ခြင်း

စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေဟာ ဟစ်ဟော့ပ်မစစ်ဘူး။ ကော်ပီတွေဆိုတာ များတယ်။ ဒါကြောင့် တကယ့်ဟစ်ဟော့ပ်သမားတွေရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို အတော်လေးခံခဲ့ရတယ်။ နောက်ပြီး မိန်းကလေးပရိသတ်ကလည်း အရမ်းများတော့ ယောကျာ်းလေးတွေက သူ့ကို တော်တော်ကြည့်မရခဲ့ကြဘူး။ ရှိုးပွဲတွေမှာ သူမို့လို့ တက်လာပြီဆို ရေသန့်ဗူးတွေမှ ပလူကိုပျံနေတာပဲ။ ဆဲသံတွေဆိုတာလည်း ကြားလို့တောင် မကောင်းဘူး၊ အတိုင်အဖောက်ညီညီနဲ့ကို ဆဲကြတာ။ ဒါပေမဲ့ သူ့ဘက်ကတော့ ပရိသတ်ကို တစ်ခါမှ ရင့်ရင့်သီးသီး တုံ့ပြန်တာ မတွေ့ရဘူး။ စိတ်မဆိုးဘဲတော့ ဘယ်နေပါ့မလဲ။ သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ရှိုးပွဲကြည့်ရင်း ကျွန်တော်သတိထားမိခဲ့တယ်။ ဒီအတွက် တူညီတဲ့တုံ့ပြန်မှုတစ်ခုက နောက်ဆုံး သူ့ဆီရောက်လာခဲ့တယ် ဆိုရပါမယ်။ နောက်ပိုင်း ရှိုးပွဲတွေမှာတော့ ဒီလိုမြင်ကွင်းမျိုးတွေ ဆဲဆိုသံတွေ မတွေ့ရ မကြားရတော့သလောက်ပါပဲ။ ခုနောက်ပိုင်း Troller တွေပေါ်လာတော့လည်း အပြောခံရဆုံး celebrity ထဲမှာ သူပါတယ်၊၊ ဒါပေမဲ့ အဲဒါတွေကို ရင့်ရင့်သီးသီး မတုံ့ပြန်ဘဲ သူ့ကိုယ်သူ ဟာသပြန်လုပ်ပစ်လိုက်တော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုတိုးလို့တောင် ရသွားခဲ့တယ်၊၊

သီချင်းတွေကလည်း ဟစ်ဟော့မစစ်လို့ ဆိုပြီး ဘယ်လောက်ဝေဖန်ဝေဖန် သူကတော့ သူ့ပုံစံအတိုင်းပဲ ဆက်သွားတယ်။ နောက်တော့ ဟစ်ဟော့လို့ နာမည်တပ်မရပေမဲ့ စိုင်းစိုင်းပုံစံ ဆိုပြီး ကိုယ်ပိုင်ဟန်တစ်ခု ရလာခဲ့တယ်။ သူကိုယ်တိုင်လည်း အနုပညာသမားပီပီ ဟစ်ဟော့ပ်ဆိုတဲ့ ဘောင်ထဲမှာပဲ နေချင်ပုံမရဘူး။ လွတ်လွတ်လပ်လပ် စိတ်ထဲရှိတဲ့အတိုင်း ခံစားချင်၊ ဖန်တီးချင်ပုံရတယ်။ ခုချိန်ထိလည်း သူကတော့ သူ့ပုံစံတစ်ခုနဲ့ အောင်မြင်နေဆဲပါပဲ။

၅။ မိတ်ဆွေကောင်းရှိခြင်း

မြတ်စွာဘုရားဟောထားတဲ့ ချမ်းသာခြင်းအကြောင်း(၄)ပါးထဲမှာ မိတ်ဆွေကောင်းရှိခြင်းကလည်း တော်တော်လေး အရေးပါပါတယ်။ စိုင်းစိုင်းခမ်းလှို်င်ရဲ့ အောင်မြင်မှုမှာလည်း အဲဒီအချက်က အရမ်းအရေးပါပါတယ်။ အဆိုတော်တစ်ယောက် ဖြစ်လို့ ငါကြိုးစားရင် ပြီးတာပဲ လုပ်လို့မရပါဘူး။ တီးလုံးတီးပေးမဲ့သူရဲ့ ပံ့ပိုးမှု၊ တွဲဖက်သီဆိုမဲ့သူရဲ့ ပံ့ပိုးမှု၊ နောက်ပြီး အဝတ်အစားပို်င်း၊ Performance လုပ်ပေးမဲ့သူ၊ နောက် ပွဲစီစဉ်သူတွေ၊ ဒီလူတွေအကုန်လုံးရဲ့ ပံ့ပိုးမှုကိုရမှသာ ရေရှည်အောင်မြင်မှု ရနို်င်တာဖြစ်ပါတယ်။ မျိုးကျော့မြိုင်၊ ငယ်ငယ်၊ ကောင်းမြတ်၊ နန္ဒစိုင်းတို့ကနေ မိုးမိုး၊ သီရိဆွေ၊ ခုနောက်ဆုံး ဘန်နီဖြိုး ကိကိတို့အထိ သူ့သူငယ်ချင်းတွေရဲ့ အားက သူ့အောင်မြင်မှုမှာ တော်တော်လေးအရေးပါပါတယ်။ ဒါတောင် ယူရေနီယမ်၊ ဆန်းထွဋ်၊ မောင်မောင်အေး တို့မပါသေးဘူး။ အဲဒီအပြင် ပွဲစီစဉ်သူတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့လည်း ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ပုံ ရတယ်။

၆။ စီးပွားရေးအမြင် ရှိခြင်း

ကြိုက်တဲ့အခပေးရုပ်သံလိုင်းတစ်ခုကို ဖွင့်လိုက်ပါ၊ နာမည်ကျော်မင်းသားတွေရဲ့ ဇာတ်ကားတွေအများကြီး လွှင့်နေတာကို တွေ့ရပါမယ်၊ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတ်ကားတွေ ကြည့်ရဖို့တော့ မလွယ်ပါဘူး။ ဒီလိုပဲ၊ အဆိုတော်ကြီးငယ်တွေရဲ့ ရှိုးပွဲတွေကို တီဗွီကနေ တိုက်ရိုက် Live ကြည့်လို့ရပါတယ်၊ ကိုယ်တိုင်လက်မှတ်ဝယ် ကွင်းထဲအရောက် သွားကြည့်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ စိုင်းစိုင်းShow ကို တိုက်ရိုက်ကြည့်ချင်တယ်၊ အစအဆုံး ခံစားချင်တယ်ဆိုရင်တော့ လက်မှတ်မဝယ်ဘဲ နေလို့မရပါဘူး။ တီဗွီကနေတော့ ကြည့်လို့ရကောင်းရမယ်၊ ဒါပေမဲ့ Live မဟုတ်ဘူး၊ ပြီးတော့ အစအဆုံးလည်း မဟုတ်ဘူး။ ရှိုးပွဲပြီးသွားမှ ပြန်လွှင့်တာ၊ အဲ့လိုလွှင့်မယ်ဆိုတာကိုလည်း ရှိုးပွဲမတိုင်ခင် ကြိုပြီးပြောမထားဘူး၊ အဲဒီတော့ ရှိုးပွဲမှာ ပရိသတ်က အပြည့်အလျှံပဲ။ ရုပ်သံတွေကြောင့် ပရိသတ်တွေ အမြင်ရိုးပြီး အခွေမငှားကြတော့ ဇာတ်ကားအရောင်းကျတယ်လို့ တခြားမင်းသားတွေ တခြားထုတ်လုပ်ရေးတွေက ညည်းနေကြပေမဲ့ စိုင်းစိုင်းခမ်းလှိုင် အပြုံးမပျက်ပါဘူး။ တခြားအဆိုတော်တွေလို ရုပ်သံလိုင်းကို ထုတ်လွှင့်ခွင့်ပေးလိုက်လို့ ရှိုးကို ပရိသတ်အလာနည်းသွားတာမျိုးလည်း စိုင်းစိုင်းခမ်းလှို်င် မကြုံရပါဘူး။ ရုပ်သံက လွှင့်လိုက်ခြင်းဟာ ခိုးကူးသမားတွေကို ကူးပြီးဖြန့်ခိုင်းလိုက်တာနဲ့အတူတူပါပဲ။ ကိုယ်တိုင်က အခွေမထုတ်ရသေးဘူး၊ ခိုးကူးက အရင်ပြန့်နှင့်နေတာမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်သွားပါတယ်။ ဒါဟာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သူများနဲ့မတူ တမူကွဲပြားနေတဲ့ ပုံစံတစ်ခုပဲ ဖြစ်ပါတယ်။ Business minded ဖြစ်တယ် ဆိုရပါမယ်။

သူ့ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ စိုင်းစိုင်းခမ်းလှိုင်ဟာ သာမန် အဆိုတော်တစ်ယောက် ဆိုတာထက် ပိုတာတော့ အမှန်ပါပဲ။ ဒီအချက်တွေဟာ အဝေးကလှမ်းကြည့်ပြီး ရေးထားတာဖြစ်လို့ လိုနေတာရှိရင်ရှိမယ်၊ ပိုနေတာရှိရင်ရှိမယ်။ ဒါပေမဲ့ စိုင်းစိုင်းခမ်းလှိုင် ဆိုတဲ့ Brand ကို တန်ဖိုးမြင့် Brand တစ်ခု ဖြစ်လာစေခဲ့တဲ့ အရာတွေဆိုတော့ကာ ကိုယ်ရဲ့ ကိုယ်ပိုင်Brand ကိုလည်း တန်ဖိုးမြင့်လာစေချင်သူတွေအတွက် တစုံတရာ အကျိုးရှိမယ်ထင်ပါတယ်။

Source : Phio Thiha Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။