Samsung က Galaxy S8 စမတ်ဖုန်းသစ်ကိုတရားဝင်မိတ်ဆက်ပြသလိုက်ပြီဖြစ်ပါတယ်။ S8 တစ်မျိုးတည်းထွက်ရှိလာတာမဟုတ်ဘဲ Screen size ၅.၈ လက်မအရွယ် S8 နဲ့ Screen size ၆.၂ လက်မအရွယ် S8 Plus ဆိုပြီးမော်ဒယ် ၂ မျိုးနဲ့ထွက်ရှိလာတာပါ။ ဖုန်းရဲ့ပုံစံကတော့ အွန်လိုင်းမှာပေါက်ကြားထားနှင့်တဲ့ စမတ်ဖုန်းဒီဇိုင်းအတိုင်းပဲဖြစ်ပါတယ်။ Galaxy စီးရီးစမတ်ဖုန်းတွေမှာပထမဆုံးအဖြစ် Physical Home Key မပါတဲ့စမတ်ဖုန်းအဖြစ်ထွက်ရှိလာသလို ဘေးဘောင်အနားသတ်မပါသလောက်နီးပါးဖြစ်ပြီး ဖုန်း Display ကလည်း Home Key နေရာအထိနေရာယူထားပြီးအနည်းငယ်ရှည်တဲ့ Screen ဒီဇိုင်းနဲ့ဖြစ်ပါတယ်။ S8 ရဲ့ ကြီးမားကျယ်ပြန့်ရှည်လျားတဲ့ Display အသစ်ကိုတော့ Infinity Display လို့ Samsung ကအမည်ပေးထားပါတယ်။ ဖုန်းမော်ဒယ် ၂ မျိုးလုံးမှာ 18.5:9 Wide Aspect Ratio ဖြစ်တဲ့ Super AMOLED Display ကိုအသုံးပြုထားပြီး Screen Resolution အနေနဲ့ 1440x2960 pixel ဖြစ်ပါတယ်။ ဖုန်း Screen မျက်နှာပြင်ကိုတော့ အပွန်းအစင်းဖြစ်မှုဒဏ်ကိုအလွန်ခံနိုင်တဲ့ Gorilla Glass 5 ဖန်သားပြင်နဲ့ဖုံးအုပ်ထားပါတယ်။ ဖုန်းရဲ့နောက်ဘက်ခြမ်းကိုယ်ထည်ကိုလည်း Gorilla Glass 5 ဖန်သားပြင်နဲ့ပဲဖုံးအုပ်ထားတာပါ။

S8,S8+ မှာ Home Button လုံးဝမပါ၀င်တော့တာတော့မဟုတ်ဘဲ Home, back, multitasking နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက် Button ၃ ခုကိုတော့ ဖုန်းရဲ့အောက်ခြေ Screen ဖန်သားပြင်ရဲ့အောက်ထဲမှာ pressure sensitive button အနေနဲ့ ထည့်သွင်းထားပြီး ဒီနည်းပညာကိုတော့ Samsung က Invisible Home Button လို့အမည်ပေးထားပါတယ်။ Apple ရဲ့ Force Touch နည်းပညာနဲ့အနည်းငယ်ဆင်တူပါတယ်။ ဖုန်း Screen မျက်နှာပြင်တစ်ခုလုံး Pressure Sensitive ဖြစ်တာမဟုတ်ဘဲ Home Button နေရာတွေသီးသန့်ပဲဖြစ်ပါတယ်။ Physical Home Key သီးသန့်မပါတော့တဲ့အတွက် Fingerprint Sensor ကိုတော့ ဖုန်းရဲ့နောက်ကျော ကင်မရာဘေးမှာထည့်သွင်းထားပါတယ်။

အလန်းဆုံးနည်းပညာအနေနဲ့ Samsung Galaxy S8 ဟာ Samsung Dex (Samsung Desktop Experience) လို့ခေါ်တဲ့နည်းပညာလည်းပါ၀င်လာပါတယ်။ Galaxy S8,S8+ ဖုန်းကို ကွန်ပျူတာ Display မှာတပ်ဆင်ပြီး စမတ်ဖုန်းကို Desktop ကွန်ပျူတာအဖြစ်ပြောင်းလဲအသုံးပြုနိုင်မယ့်နည်းပညာပါ။ ဒီနည်းပညာကိုအသုံးပြုပြီး ကွန်ပျူတာ Display နဲ့ချိတ်ဆက်ဖို့ Dex Dock လို့ခေါ်တဲ့ Accessory လေးကိုတော့ထပ်မံဝယ်ယူရမှာပါ။

Galaxy Note 7 မှာစတင်ပါ၀င်လာခဲ့တဲ့ Iris Scanner နည်းပညာဟာ ယခု S8, S8+ စမတ်ဖုန်းတွေမှာလည်းပါ၀င်လာပါပြီ။ Iris Scanner ကိုအသုံးပြုပြီး ဖုန်း Lock Screen ဖွင့်တာကို မျက်စိနဲ့ Scan ဖတ်ဖွင့်နိုင်ရုံမကဘဲ အွန်လိုင်းနဲ့ပြင်ပငွေပေးချေမှုစနစ်များမှာလည်း Iris Scanner အသုံးပြုပြီးငွေပေးချေနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy S8 မှာ ဖုန်းကိုအသံနဲ့အမိန့်ပေးစေခိုင်း ၊ သိလိုရာမေးနိုင်မယ့် Bixby လို့ခေါ်တဲ့ Virtual Assistant လည်းပါ၀င်လာပါပြီ ။ Bixby ဟာ Samsung ရဲ့ နည်းပညာအသစ်ဖြစ်ပြီး Google ရဲ့ Google Assistant နဲ့ Apple ရဲ့ Siri တို့ကိုယှဉ်ပြိုင်မယ့် နည်းပညာသစ်ဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ ဖုန်းရဲ့နောက်ဘက်ခြမ်း Primary Camera က 12 MP (f/1.7, 26mm, phase detection autofocus, OIS, LED flash) နဲ့ ဖုန်းရဲ့ရှေ့ဘက်ခြမ်း Selfie Camera က 8 MP (f/1.7, autofocus, dual video call, Auto HDR) အရည်အသွေးရှိ Camera တွေဖြစ်ပါတယ်။ 4K Video တွေကိုလည်းရိုက်ကူးနိုင်ပါတယ်။ Camera ပိုင်းအချက်အလက်တွေမှာတော့ Note 7 နဲ့အရမ်းမကွာလှသလို Samsung ကလည်း S8 မိတ်ဆက်ပွဲမှာ ကင်မရာပိုင်းနဲ့ပတ်သက်ပြီးအထူးတလည်ညွှန်းသွားတာမျိုးမရှိပါဘူး ။

Samsung Galaxy S8,S8+ မှာ RAM 4GB , Internal Memory 64 GB ပါ၀င်ပါတယ်။ System ပိုင်းအနေနဲ့ Android 7.0 ကိုအသုံးပြုထားပါတယ်။ Processor ပိုင်းအနေနဲ့ Exynos 8895 Octa Processor ကိုအသုံးပြုထားပါတယ်။ US မှာရောင်းချမယ့် S8 တွေကတော့ Snapdragon 835 Processor နဲ့ဖြစ်ပါမယ်။ ဘက်ထရီပိုင်းအနေနဲ့ S8 မှာ 3000 mAh Battery နဲ့ S8 Plus မှာ 3,500 mAh Battery တပ်ဆင်ထားပါတယ်။

Samsung Galaxy S8 ကို Midnight Black, Orchid Gray, Arctic Silver, Coral Blue, Maple Gold စတဲ့အရောင် ငါးမျိုးနဲ့ထုတ်လုပ်ထားပါတယ်။ ဖုန်းရဲ့ရှေ့ဘက်ခြမ်းမျက်နှာပြင်ကတော့ အနက်ရောင် တစ်မျိုးတည်းနဲ့သာဖြစ်ပါတယ်။ ရေစိုခံ ၊ ဖုန်ဒဏ်သဲဒဏ်ခံနို်င်တဲ့စမတ်ဖုန်းများဖြစ်ပါတယ်။ Samsung Galaxy S8,S8+ တို့ကို ဧပြီလ ၂၁ ရက်နေ့မှာစတင်ရောင်းချတော့မှာပါ။ စျေးနှုန်းကတော့ မြန်မာငွေ ၁၀ သိန်းဝန်းကျင်တွေပဲဖြစ်ပါလိမ့်မယ်။

Credit - သက်နိုင်စိုး (Myanmar Mobile App)

www.myanmarmobileapp.org

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။