ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမှာ ထုတ်လွှင့်ပြသခဲ့တဲ့ တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုဇာတ်ကားဖြစ်တဲ့ ပြည်ထောင်စုသစ္စာက ရက်ပိုင်းအတွင်း ပရိသတ်အားပေးမှုတွေတခဲနက်ရရှိခဲ့ပါတယ်။

ဒီဇာတ်ကားလေးဟာ မုန်းကိုးတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ တပ်မတော်သားတွေရဲ့ ဘဝဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။

မြန်မာကားကြည့်နေကျမဟုတ်တဲ့ ပရိသတ်တွေတောင် သဘောကျနှစ်သက်ကြသလို ရုပ်ရှင်လောကသားတွေကတောင် ဒါရိုက်တာအပါအဝင် အားလုံးကိုချီးကျူးစကားဆိုကြပါတယ်။

လက်တလောမှာ လူမှုကွန်ရက်မှာ ရေပန်းစားနေလျက်ရှိပြီး တခြားသော မြန်မာစစ်ကားတွေထက် သဘာဝကျသလို ရခိုင်၊ ဗမာ ၊ချင်း၊ ဗုဒ္ဓဘာသာ ၊ခရစ်ယာန် အစရှိတဲ့လူမျိုးဘာသာမရွေးကို ထည့်ရိုက်ထားတဲ့အတွက် ပရိသတ်တွေရင်ထဲကို ဝမ်းနည်းမှု၊ဝမ်းသာမှု ရသမျိုးစုံကို ပေးစွမ်းနိုင်ခဲ့တယ်လို့ မှတ်ချက်ပြုကြပါတယ်။

ကြည့်တဲ့သူတွေပိုပြီး သဘောကျတဲ့ဇာတ်ရုပ်ကတော့ ရုပ်ရှင်သရုပ်ဆောင်နေမင်း သရုပ်ဆောင်ထားတဲ့ ဗိုလ်ကြီးဇာတ်ရုပ်ပါပဲ။

နေမင်းက သူ့အနေနဲ့ ဒီလိုဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရတာ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး စကားပြောရင် အသံတိုးတိုးအေးအေး ပြောတတ်တဲ့ သူ့အတွက် အော်ရတဲ့ အခန်းကတော့ တော်တော်ကြိုးစားလေ့ကျင့်ခဲ့ရတယ်လို့ မြဝတီက အင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။ 

ဒါပြင် သူဟာ ငယ်စဉ်ကတည်း က စစ်သားတွေကိုမြင်ရင်အားကျခဲ့တာ၊ သေနတ်မြင်ရင် ကိုင်ဖူးချင်ခဲ့တာကြောင့် ရိုက်ကွင်းထဲမှာ သူရဲ့ ငယ်ငယ်က ဆန္ဒလေးပြည့်ဝသွားခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

သူ့ကို ဗိုလ်ကြီး ဇာတ်ရုပ်နဲ့ ပိုပြီးလိုက်ဖက်တဲ့အတွက် မင်းသားမလုပ်ပဲ စစ်ဗိုလ်ကြီးပဲ လုပ်စေချင်တယ်လို့ ပရိသတ်အချို့က စနောက်ကြပါသေးတယ်။ ရဲဘော်လေးအဖြစ်သရုပ်ဆောင်ထားတဲ့ နေဒွေးကိုတော့ စောစောစီးစီး သေတဲ့အခန်းမှာ ထည့်ထားလို့ အားမလိုအားမရဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုသစ္စာဇာတ်ကားကို ဖြစ်မြောက်အောင်ဖန်တီးခဲ့တဲ့ တာဝန်ခံဗိုလ်မှုးကြီးခင်မောင်ချိူ ၊ ဝတ္ထု နဲ့ ဒါရိုက်တာဗိုလ်မှုး တင်အောင်စိုး ၊ တွဲဖက်ဒါရိုက်တာ မယွန်း ၊ရုပ်ရှင်သရုပ်ဆောင်များဖြစ်တဲ့ နေမင်း၊ ကောင်းခန့်၊ မိုးဇက် ၊အကယ်ဒမီမေသဥ္ဇာဦး ၊ မေဘရဏီသော် ၊မေကဗျာဦး ၊ထူးခန့်ကျော် ၊ ပြည့်စုံမင်း နဲ့ကျော်ရဲအောင် ၊အနုပညာအကြံပေး ဝေဠုကျော်.တို့ကို နေပြည်တော်မှာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားလေးမှာ နောက်ဆုံးဇာတ်ဝင်သီချင်းကို ရေးစပ်ထားတဲ့ ဗိုလ်ကြီးဉာဏ်ပိုင်စိုးအပါအဝင် ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး တော်တယ်ဆိုတာ အသိအမှတ်ပြုခံရပါတယ်။

လူတွေမသိသေးတဲ့အချက်ကတော့ နေမင်းသရုပ်ဆောင်ထားတဲ့ ဗိုလ်ကြီးဟန်ထူးအောင် ကတော့ မုန်းကိုးစခန်းမှာ ခုခံရင်း ရန်သူ့စနုုိက်ဘာကျည်ဆံ လည်ပင်းဖောက်သွားပြီး ခြောက်နာရီခန့်အကြာမှာပဲ နုုိင်ငံတော်နဲ့ တပ်မတော်အတွက် အသက်ပေးလှုသွားခဲ့ရတဲ့ ဝမ်းနည်းစရာဖြစ်ရပ်ပါ။

ပရိသတ်ကြီးရော ဒီဇာတ်ကားကို သဘောကျပါရဲ့လား။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။