ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကောျ့ပွဲစဉ်အဖြစ် ဂျူဗင်တပ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဂျူဗင်တပ်က ရော်နယ်ဒိုရဲ့ ဟက်ထရစ် ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ တီကိုကွင်းမှာ ယှဉ်ပြိုင်စဉ်က ဂျူဗင်တပ် ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ၃ ဂိုး ဂိုးမရှိနဲ့ ပြန်နိုင်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး ဂျူဗင်တပ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။

အိမ်ရှင် ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို၊ မန်ဇူကစ်၊ အမ်မရီကန်၊ မာတွီဒီ၊ ပီဂျာနစ်၊ ချီယယ်လီနီ၊ ဘိုနူချီ စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့သလို ဧည့်သည် တီကိုအသင်းကလည်း တိုက်စစ်မှူး မိုရာတာ၊ ဂရစ်ဇ်မန်း၊ လီမာ၊ ကိုကီ၊ ဂိုဒင်၊ ဂျီမီနက်ဇ်တို့နဲ့ လူစုံ ပါဝင်ခဲ့တာပါ။ ဒီပွဲစဉ်မှာ အိမ်ရှင် ဂျူဗင်တပ်အသင်းဟာ ပထမအကျော့က ရှုံးကြွေးကို ဆပ်နိုင်ရေး ကြိုးစားကစားခဲ့ပြီး ဧည့်သည်အသင်းအပေါ် ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အပြတ် အသာစီးရခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းအတွက် တိုက်စစ်မှူး ရော်နယ်ဒိုက ပွဲချိန် ၂၇ မိနစ်၊ ၄၉ မိနစ်နဲ့ ၈၆ မိနစ်မှာသွင်းတဲ့ ပယ်နယ်တီဂိုး အပါအဝင် ဟက်ထရစ်သွင်းယူပြီး အနိုင်ရသွားတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်သွင်းဂိုး ၁၂၄ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်သလို ဟက်ထရစ်ရတဲ့ အကြိမ်လည်း ၈ ကြိမ်အထိ ရှိသွားပြီဖြစ်ပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။