အမျိုးသမီးတွေအတွက် ပုံစံမျိုးစုံနဲ့လာတဲ့ အာမခံပာတယ်ဆိုတဲ့ ပိန်ဆေးတွေအကြောင်း။
(၁) အာမခံချက်
သူတို့မှာ အာမခံချက်တစ်စုံတစ်ရာမရှိပါဘူး။ ပိန်ဆေးအားလုံးကို မဆိုလိုပေမယ့် လက်ရှိစျေးကွက်မှာ ပျံ့နှံ့နေတဲ့ပိန်ဆေးအများစုမှာ အာမခံချက်မရှိပါဘူး။ ကုန်ပစ္စည်းထုတ်လုပ်တဲ့ နေရာ၊ ကုမ္ပဏီ၊ အချိန်ကစလို့ အသေးစိတ်အချက်အလက် မပါတဲ့ ဒါမှမဟုတ် ကိုယ်နားမလည်နိုင်တဲ့ဘာသာတွေနဲ့ရေးသားထားတဲ့ ပိန်ဆေးတွေကို လုံးဝလက်တည့်မစမ်းဖို့ တိုက်တွန်းပါတယ်။ နောက်တစ်ချက်က စျေးနှုန်းပါ။ ပေါချောင်ကောင်းဆိုတာ တကယ်တော့ မဖြစ်နိုင်ဘူးလို့ ပြောချင်ပါတယ်။ ပေါပြီးချောင်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှမကောင်းနိုင်ပါဘူး။ အထူးသဖြင့် ကိုယ်ခန္ဓာအတွက် ဆေးဝါးမှီဝဲတဲ့နေရာတွေမှာ ပေါချောင်ကောင်းကို မရွေးဖို့ သတိပေးပါရစေ။
(၂) နှလုံးကျန်းမာရေး
လူတစ်ယောက်အသက်ရှင်ကျန်းမာဖို့အတွက် အဓိက ဦးနှောက်နဲ့နှလုံးက ပံ့ပိုးပေးနေပါတယ်။ အာမခံချက်အပြည့်အဝရှိတဲ့ ပိန်ဆေးတွေကတောင် နှလုံးရောဂါရှိသူတွေ ပိန်ဆေးကို လုံးဝမသောက်ဖို့ တားမြစ်ထားပါတယ်။ ဒီတော့ အများကြီးထပ်ပြောပြစရာလိုမယ် မထင်ပါဘူး။
(၃) စွဲလမ်းမှု
တချို့ပိန်ဆေးတွေမှာ Amphetamines, Anti-anxiety နဲ့ Antidepressants တွေပါဝင်ပါတယ်။ ဒီပစ္စည်းတွေရဲ့ ရောစပ်မှုဟာ စိတ်ပူစရာကောင်းလောက်အောင် အန္တရာယ်ရှိတဲ့ ရောစပ်မှုမျိုးမဟုတ်ပေမယ့်လည်း အချိန်ကြာမြင့်အောင် စွဲသောက်မယ်ဆိုရင် စွဲလမ်းမှုကို ဖြစ်စေတယ်လို့ သိရပါတယ်။
(၄) ဘေးထွက်ဆိုးကျိုးများ
ပိန်ဆေးသောက်ရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိမလဲဆိုတာကို သင်တို့အားလုံး သိမှာပါ။ လူတစ်ယောက်ဟာ ပိန်ဆေးသောက်လိုက်ပြီဆိုတာနဲ့တစ်ပြိုင်နက် အာဟာရမှီဝဲလိုစိတ်ကို တားဆီးလိုက်တဲ့အတွက် အစာအိမ်ရောဂါနဲ့ပတ်သက်တာတွေကို ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး မူးဝေတာတွေ၊ အန်ချင်တာတွေကအစ နောက်ဆုံး အိပ်ရာထဲလဲတဲ့အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရတော့မှာပါ။
(၅) လေဘယ်
လေဘယ်တွေကိစ္စပြောပြချင်ပါတယ်။ ပိန်ဆေးအားလုံးရဲ့ တစ်ဝက်ကျော်မှာ ရေးသားထားတဲ့လေဘယ်တွေဟာ အားလုံးအလိမ်အညာတွေချည်းပါပဲ။ မယုံမရှိပါနဲ့နော်။ သင်တို့ဟာ ပိန်ဆေးဘူးခွံပေါ်က ညွှန်ကြားချက်၊ တားမြစ်ချက်တွေကို ဘယ်လောက်ဖတ်ပြီးမှ သောက်တယ်ပြောပြော ဒါတွေအားလုံးဟာ အမှန်တွေပါလို့ အာမမခံနိုင်ပါဘူး။
(၆) ကိုယ်အလေးချိန်
သင်တို့ဟာ ပိ်န်ဆေးတွေ တစ်လနှစ်လလောက်စွဲသောက်လိုက်ရင် တကယ်ပိန်သွားပြီလား။ မထင်ပါနဲ့။ သူတို့ဟာ တကယ်အလုပ်မဖြစ်ပါဘူး။ တစ်ချို့ဆေးတွေက ရုတ်ချည်းပိန်သွားပြီး အချိန်တိုလေးအတွင်းမှာပဲ ပြန်ဝသွားတာမျိုးတွေများပါတယ်။ ဒီတော့ အမြဲတမ်းစိတ်ကျေနပ်စရာကိုယ်ခန္ဓာပုံသဏ္ဍာန်ကို မပေးနိုင်တဲ့ ဒီဆေးတွေကို သောက်တော့မှာလား။ ပြန်စဉ်းစားစေချင်ပါတယ်။
Source : MODA
Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။