ကိုယ်ချစ်ရတဲ့သူက သူ့မိဘတွေနဲ့တွေ့ပေးဖို့ စီစဉ်နေပြီလား။ ဒါဆိုရင်တော့ သူ့မိဘတွေသဘောကျအောင် ဘယ်လိုနေထိုင်မလဲ၊ ဒီအချက်လေးတွေကို သတိထားပြီးရင်တော့ ကိုယ့်ချစ်သူရဲ့မိဘတွေ ကိုယ်မှကိုယ်ဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။

လူတစ်ယောက်ရဲ့ပထမဆုံးသောပုံရိပ်က အရေးကြီးတဲ့အတွက် ဝတ်စားတာကို ဂရုစိုက်သွားဖို့လိုပါတယ်။ အထူးသဖြင့် သင့် ချစ်သူရဲ့မိဘတွေက ဆိုရှယ်ကျတဲ့သူမျိုးတွေလား၊ ရှေးရိုးစွဲကြီးတွေလား အရင်မေးပါ။ ဆိုရှယ်ကျတဲ့သူမျိုးတွေဆို သိပ်ကိစ္စမရှိပေမယ့် ရှေးရိုးစွဲကြီးတွေဆိုရင်တော့ ရိုးရိုးယဉ်ယဉ်လေးဝတ်စားသွားသင့်ပါတယ်။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ အရောင်တောက်တောက်တွေနဲ့ မိတ်ကပ်အထူကြီးလိမ်းသွားတာမျိုးကို ရှောင်ပေးပါ။ နောက်ပြီးတော့ စောစောလေးရောက်အောင်သွားစောင့်နေပေးတာကလည်း သင့်အတွက်အမှတ်ပါပဲ။ လူကြီးတွေဆိုတာ အချိန်တိကျတာကို သဘောကျပါတယ်။ စောစောလေးသွားပြီး စောင့်နေပေးတာကို သူ့တို့နှစ်သက်မှာပါ။

နောက်တစ်ခုကတော့ သင့်ရဲ့ချစ်သူကို အကူအညီတောင်းရမှာပါ။ အဲဒါကတော့ သူ့ရဲ့မိဘတွေအကြောင်းနဲ့ စိတ်နေသဘောထားတစ်ချို့ကို မေးမြန်းရင်း သင့်ရဲ့အကြောင်းနဲ့ စိတ်နေသဘောထားများကိုလည်း သူ့မိဘတွေကို အနည်းအကျဉ်းပြောပြထားဖို့ အကူအညီတောင်းကြည့်ပါ။ “သူက တိုင်းရင်းသူမို့လို့ မြန်မာစကားပြော နည်းနည်းမတတ်ဘူး။ မေမေတို့ တစ်မျိုးထင်မှာဆိုးလို့နော်” လို့ ချစ်သူက သင့်ရဲ့အကြောင်းကြိုပြောပေးထားမယ်ဆိုရင်လည်း သင့်ရဲ့ စကားမတတ်တာအတွက် စိုးရိမ်ကြီးနေစရာ မလိုတော့ပါဘူး။

လက်ဆောင်ပေးတယ်ဆိုတဲ့ အယူအဆဟာ ရိုင်းတယ်လို့ တစ်ချို့တွေက ယူဆကြလေ့ရှိပေမယ့် တန်ဖိုးနည်းတဲ့လက်ဆောင်လေးတွေအတွက်တော့ အိုကေပါတယ်နော်။ တန်ဖိုးကြီးလက်ဆောင်ပေးခြင်းဟာ ဖားရာကြနေပေမယ့်လည်း အပြင်ဆိုင်မှာတွေ့တယ်ဆို သူ့အမေအတွက် ပန်းစည်းလေးယူသွားပေးတာပဲဖြစ်ဖြစ်၊ အိမ်ကိုသွားတွေ့တယ်ဆိုရင် လူကြီးတွေစားဖို့ သစ်သီးဝလံလေးယူသွားပေးတာပဲဖြစ်ဖြစ် လုပ်ပေးဖို့တော့ လိုပါလိမ့်မယ်။

လူကြီးတွေနဲ့စကားပြောဆိုတဲ့အခါ ယဉ်ကျေးဖို့လည်းလိုအပ်တယ်ဆိုပေမယ့် ဒီနေရာမှာ သတိပေးချင်တာတစ်ခုက မရိုးမသားပုံစံမျိုးကြီးဖြစ်မနေဖို့တော့ လိုပါတယ်။ အတင်းလုပ်ရီနေတာမျိုးတွေဟာ တစ်ဖက်သားကို စိတ်ကျေနပ်မှုမပေးနိုင်တဲ့အပြင် တစ်ဦးနဲ့တစ်ဦး ပိုမိုစိတ်ဖိစီးစေတာပဲ အဖက်တင်မှာပါ။ ဒါကြောင့် ရိုးသားပါ။ ဟန်မဆောင်ပါနဲ့နော်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။