WHO ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာသုတေသန

ပြက္ခဒိန်နည်းနှင့်ရက်ရှောင်နည်း

(ကန်တော့ပါ)

၁။ ဆရာရှင့် သမီးသိချင်တာလေးမေးပါရစေ ရာသီမလာခင်နဲ့လာပြီးခုနှစ်ရက်အတွင်း အတူနေမိရင် ကိုယ်ဝန်ရလား၊ မရလား သူငယ်ချင်းတွေနဲ့ငြင်းနေလို့ပါ သမီးတို့မသိလို့ပါ

၂။ ဆရာ မင်္ဂလာပါရှင့်။ ကျွန်မ မရှင်းတာလေး မေးခွင့်ပြုပါဆရာ။ စာရေးမှားသွားရင် ခွင့်လွှတ်ပေးပါရှင့်။ အသက် ၂၃ ပါ။ ရက်ရှောင်းနည်းလမ်းက တကယ်စိတ်ချရပါသလားဆရာ။

ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာအတူနေတာ စိတ်ချရတယ်လို့ ပြောကြတယ်။ ဒါက အကြမ်းပြောကြတာသာဖြစ်တယ်။ ရာသီစက်ဝန်းက တယောက်နဲ့တယောက်မတူကြပါ။ အဲတာကြောင့် ပုံသေနည်း တခုဟာ လူတိုင်းနဲ့ သင့်မယ်မဟုတ်ပါ။ လေ့လာမှုလုပ်ထားတာတွေကိုသာ ရေးပါရစေ။ ရာသီတလတိုင်းမှာ ကိုယ်ဝန် မရနိုင်တဲ့ ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီမလာခင်တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ ဒါလဲ အရပ်ပြောဆန်တယ်။ ရာသီသွေးဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက် မပတ်သက်ပါ။ မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးလို့ပြောရတယ်။ မျိုးဥကသာ ကိုယ်ဝန်ရစေတာမို့ ဖြစ်ပါတယ်။ မျိုးဥထွက်တာ ဘယ်လိုသိမလည်းက စစ်လို့ရတယ်။

အမျိုးသမီးတိုင်း အပျိုဖြစ်ပြီးနောက်၊ သွေးမဆုံးခင်အထိ အကြမ်းအားဖြင့် လတိုင်း လလယ်ရက်မှာ မျိုးဥထွက်တယ်။ မျိုးဥနဲ့ သုက်ပိုးတွေ့ကြမှသာ ကိုယ်ဝန်ရှိနိုင်တယ်။ ဒါ့ကြောင့် ကလေးမရချင်ရင် မျိုးဥနဲ့တွေ့နိုင်မဲ့ရက်တွေကို ရှောင်ရမယ်။ အတူနေမဲ့ရက်ကို ရွေးလို့ရနိုင်ပေမဲ့ မ-မျိုးဥထွက်မဲ့ရက်ကို ရွေးလို့မရဘူး။ ရက်ရှောင်နည်းဆိုတာ မျိုးဥနဲ့မတွေ့အောင် ရှောင်ရတာ ဖြစ်တယ်။ ကလေးလိုချင်သူတွေက အဲဒီရက်ကိုရွေးယူ အတူနေရမယ်။ မျိုးဥထွက်မဲ့ လလယ်ရက်ဆိုတာ ရာသီစဆင်းတဲ့နေ့ကနေ တွက်ရတယ်။ သွေးဆင်းတာက ၃-၄-၅ ရက်ကြာတယ်။ နောက်ဆုံးရက်ဆိုတာ ပြောဘို့၊ မှတ်ဘို့က မတိကျတတ်ဘူး။ ရာသီသွေးစဆင်းတဲ့နေ့ဆိုတာ မှားစရာမရှိဘူး။ ဒါကြောင့် ရာသီနဲ့ပတ်သက်သမျှ ရက်ရှောင်တာ တွက်တွက်၊ ကိုယ်ဝန်ကိုတွက်တွက် ရာသီစဆင်းတဲ့နေ့ကို နေ့အမှတ် (၁) လို့ သတ်မှတ်ထားပါတယ်။ 

မျိုးဥဘယ်ရက်မှာ ထွက်သလဲ။ တိတိကျကျပြောရရင် -

• ၃ဝ% သော အမျိုးသမီးတွေက လလယ်ရက် အတိအကျမှာ မျိုးဥ ထွက်တယ်။

• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။

• ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။

ရက်ရှောင်းနည်း ၂ နည်းရေးပါမယ်။

(၁) Standard Days Method စံချိန်ကိုက်နည်း

ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူ အမျိုးသမီးတွေ သုံးနိုင်တယ်။ ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။ ဒီရက်တွေထဲမှာ ရာသီဆင်းနေတဲ့ရက်တွေလဲ ပါနေတာကို သတိပြုပါ။ ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။ ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။ ဒိနောက် ၁ ကနေ ၇ ရက်ဆိုတာပြန်ရောက်သွားပြီ။ စိတ်မချရမှု ၅% ရှိတယ်။

(၂) Rhythm method (Knaus–Ogino method) စည်းချက်ကျတွက်နည်း

သင်္ချာတွက်ရမယ်။ ရာသီတလမှာ ဘယ်နှစ်ရက်ရှိသလဲ။ တလနဲ့တလ မတူတတ်ပါ။ အတိုဆုံးလကို ယူပါ။ ဆိုပါစို့ ရက် ၃ဝ ကနေ ၃၆ ရက်ရှိသူဟာ ၃ဝ ရက်ကိုယူပြီး တွက်ချက်ရမယ်။ မျိုးဥမထွက်ခင် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁၉ နုတ်ရမယ်။ (၃ဝ - ၁၉ = ၁၁) ရတယ်။ ရာသီစဆင်းတဲ့နေ့နောက် ၁၁ ရက်အထိကိုယ်ဝန်မရနိုင်ဘူး။ မျိုးဥထွက်ပြီးနောက် စိတ်ချရတဲ့ရက်သိအောင် ၃ဝ ထဲကနေ ၁ဝ နုတ်ရမယ်။ (၃ဝ - ၁ဝ = ၂ဝ) ရတယ်။ ရာသီစဆင်းတဲ့နေ့ ၂ဝ ရက်ကစပြီး ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။ ၃ဝ ကနေ ၃၆ ရက်ရှိသူဆိုရင် (၃ဝ - ၁၉ = ၁၁) ရလို့ ရာသီရက် ၁၁ ရက်နေ့အထိက ကိုယ်ဝန်မရစေနိုင်ဘူး။ ၁၂-၂၅ နေ့တွေနဲ့ (၃၆ - ၁ဝ = ၂၆) နေ့တွေက ကိုယ်ဝန်ရစေနိုင်တယ်။ စိတ်မချရမှု ၉% ရှိတယ်။ 

သုတေသနရလဒ်တွေ -

• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန်အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။

• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူနေသူတွေထဲက ၄့ရ% ကိုယ်ဝန်ရကြတယ်။

• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူနေသူတွေထဲက (ကွန်ဒွမ်) နည်း၊ သုက်ရည်ကို အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။

• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း အတူနေသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။

• မျိုးဥထွက်ရက်အတိမှာ အတူနေသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။

• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ အတူနေသူတွေ ၄% ကိုယ်ဝန်ရကြတယ်။

• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ အတူနေသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။

• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ အတူနေသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

WHO ကိုယ်ဝန်ရစေနိုင်သည့်နှုန်း တနှစ်တာသုတေသန (၂ဝဝရ)

• အကာအကွယ် မသုံးသူ = ၈၅% ကိုယ်ဝန်ရနိုင်သည်။

• သုက်ပိုးသေဆေးနည်း = ၁၈-၂၉% ကိုယ်ဝန်ရနိုင်သည်။

• သုက်ရည်ပြင်ပစွန့်ထုတ်နည်း = ၁၅-၂၈% ကိုယ်ဝန်ရနိုင်သည်။

• ရက်ရှောင်နည်း = ၅-၁၂% ကိုယ်ဝန်ရနိုင်သည်။

• ကွန်ဒွမ်နည်း = ၂-၁၅% ကိုယ်ဝန်ရနိုင်သည်။

• နေ့စဉ်သောက်တားဆေးသောက်သူ = ဝ့၃-၈% ကိုယ်ဝန်ရနိုင်သည်။

• ထိုးဆေးထိုးသူ = ဝ့ဝ၅-၃% ကိုယ်ဝန်ရနိုင်သည်။

Dr. တင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။