လက်ရှိ ပြည်ပနိုင်ငံများစွာကို အဓိကတင်ပို့ရောင်းချလျှက်ရှိတဲ့ မြန်မာ့ ဆန်စပါးကတော့ ပြည်တွင်း ပရိသတ်များစွာလည်း စားသုံးလျှက်ရှိတာတွေ့ရပါတယ်။ အာရှနိုင်ငံတွေသာမက အနောက်အာဖရိကနိုင်ငံတွေကိုပါ တင်ပို့ရောင်းချလျှက်ရှိတဲ့ အဆိုပါ ဆန်စပါးတင်ပို့ရောင်းချမှုကတော့ တန်ချိန်ပေါင်းများစွာရှိနေတာကို အားလုံးလည်း သိမယ်ထင်ပါတယ်။ အဆိုပါ အရည်သွေးနိမ့်မြန်မာ့ဆန်တင်ပို့မှုကို အနောက်အာဖရိကမှ အိုင်ဗရီကို့စ်နိုင်ငံက ဆန်တန်ချိန်ပေါင်း ၁၈၀၀၀ကို စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းလုပ်ရပ်နဲ့ပတ်သက်ပြီး "အနောက်အာဖရိကမှ အိုင်ဗရီကို့စ်နိုင်ငံရှိ ကျန်းမာရေး တာဝန်ရှိသူများသည် မြန်မာနိုင်ငံမှ ဆန်တန်ချိန်၁၈၀၀၀ အား စားသုံးရန်မသင့်ဟု သတ်မှတ်ကြေညာခဲ့ပြီး ဖျက်ဆီးခဲ့‌ကြောင်း" BBC Africa Live စာမျက်နှာတွင် ဖော်ပြထားတာတွေ့ရပါတယ်။  

ထိုဆန်အိတ်များကို အနောက်အာဖရိကရှိ နိုင်ငံများက တင်ချခွင့် မပေးခဲ့ကြောင်းလည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ ဂါနာ၊ ဂီနီအာနှင့်တိုဂိုနိုင်ငံတို့က ထိုဆန်များအား အရည်အသွေးနှင့် ပတ်သက်ပြီး လက်မခံနိုင်ဟုဆိုကာ ပယ်ချခဲ့ကြောင်း ထိုသတင်းတွင် ပါရှိခဲ့ပါတယ်။ နောက်ဆုံးတွင် ထိုဆန်အိတ်များသည် အိုင်ဗရီကို့စ်မြို့တော် အာဘစ်ဂျန်ဆိပ်ကမ်းတွင် တင်ချခွင့်ရခဲ့ပြီးနောက် အရည်အသွေး ထိန်းချုပ်စစ်ဆေးချက်များအရ လူများစားသုံးရန် မသင့်ဟု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ အာရှတိုက်မှလာသော Ocaen Princess သ‌င်္ဘောက ထိုဆန်အိတ်များကို အာဘစ်ဂျန်ဆိပ်ကမ်းတွင် မတ်လ ၁၁-၁၉ အတွင်း တင်ချခဲ့သည်ဟု အိုက်ဗရီကို့စ် အစိုးရက ပြောကြားခဲ့ပါတယ်။ 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မတ်လဆန်းအထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ၂ သန်းကျော် တင်ပို့ခဲ့ပါတယ်။ ဆန်တင်ပို့ရာတွင် နိုင်ငံပေါင်း ၅၀ အထိတင်ပို့ထားပြီး ဆန်ကွဲတင်ပို့မှုတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံသို့ တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ မြန်မာနိုင်ငံမှဆန်ကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူဈေးကွက်၊ အာဖရိကဈေးကွက်သို့ တင်ပို့လျက်ရှိပြီး မူဆယ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင်လည်း အီးယူနှင့်တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံမှ ဆန်ဝယ်ယူခြင်းမရှိဆိုသည့် သတင်းများကြောင့် အာဖရိကနှင့် အီးယူနိုင်ငံများက မြန်မာ့ဆန်ကို နိုင်ငံတကာ ဈေးနှုန်းထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ အထိ ဈေးနှိမ်ဝယ်ယူနေကြောင်း ဧပြီ ၁ ရက်က ရန်ကုန်မြို့ဝါးတန်းကုန်စည်ဒိုင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားမှ သိရပါတယ်။ အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျတ်ဆီးခံခဲ့ရတဲ့ စားသုံးရန်မသင့် မြန်မာဆန်တန်ချိန် ၁၈၀၀၀ ဖျတ်ဆီးမှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - Eleven Medea Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။