လူမမယ်အရွယ်ကလေးနှစ်ယောက်ရယ် လူမဆန်တဲ့ ဖခင်ဖြစ်သူရယ်။ နေပြည်တော် လယ်ဝေးမြို့နယ်၊ ချောင်းခွအုပ်စု၊ နနွန်းကျင်းကျေးရွာတွင် ဖခင်အရင်းက သားနှင့်သမီးကို ဓားဖြင့်ခုတ်သတ်က မိမိကိုုယ်တိုင် ဓားဖြင့်ထိုး၍သေကြောင်းကြံစည်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်က ဧပြီလ ၅ ရက် နံနက်ပိုင်းက နနွန်းကျင်းကျေးရွာနေရာအိမ်မှူး ဦးအောင်သိန်းမြင့်မှ တရွာထဲနေ မှတ်ကြီး(ခ) ထွန်းဝင်းသည် ၄င်း၏သားနှင့်သမီးဖြစ်သူအား ဓားဖြင့်ခုတ်နေကြောင်းနှင့် ၄င်းကိုယ်တိုင်လည်း ဓားဖြင့်ထိုးသွင်းပြီး ဒဏ်ရာများဖြင့်လဲကျနေကြောင်း သတင်းရရှိသဖြင့် သစ်ပုတ်ပင်နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ပြီး နယ်မြေခံရဲစခန်းမှူးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ 

စစ်ဆေးရာတွင် မှတ်ကြီး (ခ) ထွန်းဝင်း၏သားဖြစ်သူ မောင်ပြည့်ပြည့် (၆)နှစ်မှာ ယာပါးပြင် (၆)လက်မခန့် ပြတ်ရှဒဏ်ရာ၊ မေးစေ့တွင် ပြတ်ရှဒဏ်ရာ၊ ဝဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ သမီးဖြစ်သူ မမြင့်မြင့်မိုး (၄)နှစ်မှလည်း လည်ပင်းနှင့် ဇက်ပိုးတို့တွင် ပြတ်ရှဒဏ်ရာများရရှိပြီး သေဆုံးနေကာ ဖခင်ဖြစ်သူ မှတ်ကြီး (ခ) ထွန်းဝင်းမှာ လည်း ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာ (၁)ချက်၊ ကတ်မိုးတွင် ပြတ်ရှဒဏ်ရာ (၃) ချက် (စိုးရိမ်ရ)အခြေအနေဖြင့် တွေ့ရှိခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရာအိမ်မှူးဦးအောင်သိန်းမြင့်က တရားလိုပြုလုပ်တိုင်တန်းခဲ့ပြီး ယင်းအမှုအား သစ်ပုတ်ပင်နယ်မြေရဲစခန်းက (ပ) ၃၄/၂၀၁၇၊ ရာဇဝတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၉ အရ အမှုဖွင့်လှစ်ပြီး တရားခံအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Source : local media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။