ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ထဲမှာ လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ် ၁၀ လုံး ပြိုကျပြီး အိမ်ခြေ ၁၈၀ ကျော် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်ထဲမှာ မေလ ၄ ရက်နေ့ညနေ ၆ နာရီခွဲလောက်က မိုးနဲ့အတူ တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် အိမ် ၁၈၂ လုံး အမိုးလန်ပျက်စီးခဲ့ကာ၊ အိမ် ၁၀ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် နတ္တလင်းမြို့မ ရပ်ကွက်က အထကကျောင်းက သွပ်တွေ လန်သွားခဲ့ကာ သရက်တပင်ကျေးရွာက ဘုန်းကြီကျောင်းတကျောင်းအမိုးတွေ လန်သွားခဲ့တယ်လို့ နတ္တလင်းအရံမီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး ဦးမိုးကြီးက ပြောပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်း ၁၁၀ ကျော် သတ်မှတ်ထားပြီး လေဘေးသင့်ပြည်သူတွေကတော့ လတ်တလော သူတို့နဲ့ နီးစပ်ရာဆွေမျိုးတွေထံ ယာယီရွှေပြောင်းနေထိုင်နေကြပါတယ်။ ဇီးကုန်းလေးရပ်ကွပ်ထဲက လေဘင်းသင့် အိမ် ၆၅ အိမ်ကတော့ မြို့လယ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာ ယာယီခိုလှုံနေရပြီး လေပြင်းကြောင့် လူနဲ့ တိရစ္ဆာန်သေဆုံးတာတော့ မရှိဘူးလို့ နတ္တလင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

အဲဒီလေပြင်းတိုက်ခတ်မှုကြောင့် နတ္တလင်းမြို့နဲ့ ဇီးကုန်းမြို့ကြားက တံခွန်ဒိုင်ကျေးရွာ ပတ်ဝန်းကျင်က အပင်းကြီး ၁၅ ပင်ကျော်လောက် ပြိုလဲကျပြီး ပြည်ကိုထွက်လာတဲ့ ပြည်-ရန်ကုန် အမြန်ရထား ဇီးကုန်းမြို့မှာ ရပ်တန့်ခဲ့ရပါတယ်။ လမ်းပိတ်ဆို့မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ မီးသတ်၊ မြန်မာ့မီးရထား ဝန်ထမ်း စုစုပေါင်းအင်အား ၁၀၀ ကျော် နဲ့ လမ်းပေါ်မှာလဲနေတဲ့ သစ်ပင်တွေကို ဖယ်ရှားပေးခဲ့တယ်လို့ သိရပါတယ်။ လေပြင်းကြောင့် ပျက်စီးသွားတဲ့အိမ်တွေကတော့ ဇီးကုန်းလေးရပ်ကွက်၊ သာစည်ရပ်ကွက်၊ မြို့မရပ်ကွက်၊ ထိန်သေးကျေးရွာအုပ်စု၊ အုပ်တန်းကျေးရွာအုပ်စု၊ သက်ငယ်ပြင်ကျေးရွာအုပ်စု၊ ကျောက်ခွက် ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စုတွေက အိမ်တွေ ပါဝင်ပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။