မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့လင်းပုတ်ကျေးရွာတွင် ဧပြီလ ၂၆ ရက်က နွားမတစ်ကောင် ဒေါင့်သန်းရောဂါဖြင့် သေဆုံးသွားကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိသဖြင့် မေ ၄ ရက်နေ့မှ စတင်ကာ ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့က ငါ့လင်းပုတ်ကျေးရွာအပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာများအား နယ်လှည့်ကွင်းဆင်းပြီး ဒေသခံပြည်သူများကို နွားထောင့်သန်းကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောခြင်းတွေပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် ကျေးရွာရှိ နွားများအား ထောင့်သန်းရောဂါကူးစက်မှုများ မရှိစေရေး ကာကွယ်ဆေးများ နယ်လှည့်ကွင်းဆင်းထိုးနှံပေးနေကြောင်း ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း ထံမှ သိရပါတယ်။  

မြို့နယ်အတွင်းရှိ ကျွဲ ၊ နွားတိရစ္ဆာန်များ ထောင့်သန်းရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ထောင့်သန်း ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံခြင်းကို မေ ၇ ရက် ၊ နံနက်ပိုင်းက ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာ အုပ်စု၊ ချောင်းရှည်ကျေးရွာတွင် ဒေသခံပြည်သူများ မွေးမြူထားရှိသည့် နွား ၁၄၄ ကောင် ၊ အနောက်အုံကျေးရွာတွင် နွား ၂၁၉ ကောင် ၊ ဆိတ် ၆၀ ကောင် ၊ ထနောင်းစုကျေးရွာတွင် နွား ၂၂၈ ကောင် ၊ ဆိတ် ၉၀ ကောင်တို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။ ထို့နောက် စဉ့်ကူ တိုက်နယ်အတွင်းရှိ ဇီးဇမျှင်ကျေးရွာအုပ်စု ၊ ဇီးဇမျှင်ကျေးရွာတွင် နွား ၃၂၁ ကောင် ၊ ပွဲတိုင်းကျေးရွာတွင် နွား ၄၉ ကောင် တို့အား ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်းနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာပြည်သူများ၏ ဝိုင်းဝန်းကူညီမှုဖြင့် ထောင့်သန်းရောဂါကာကွယ်ဆေးများ လိုက်လံထိုးနှံပေးခဲ့ ကြောင်း သိရပါတယ်။  

ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် မကြာမီ မိုးဦးကာလရောက်ရှိတော့မည်ဖြစ်၍ မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် ထိခိုက်မှုများမဖြစ်စေရေးအတွက် တောင်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွား တိရစ္ဆာန်များအား ထောင့်သန်းရောဂါဖြစ်ပွားမှုများ မကျရောက်စေရေး ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဆက်လက်ကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း၏ ပြောပြချက်အရ သိရပါတယ်။ ရာသီဥတုအပြောင်းအလဲကာလမှာဖြစ်ပွားတက်တဲ့ အဆိုပါ ရောဂါဆိုးကြီးကို ကြိုတင်ကာကွယ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

source - the mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။