ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီး ပြည်သူတွေဘက်က လိုက်နာမှု အားနည်းနေသလို ကြပ်မတ်မှုကလည်း အားနည်းနေတာကြောင့် အသိပညာပေးကာလတွေ နောက်ပိုင်းမှာ ကြပ်ကြပ်မတ်မတ်အရေးယူဖို့ လိုတယ်လို့ ပဲခူးတိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းဝင်း က ပြောပါတယ်။ ပဉ္စမအကြိမ်မြောက် ကုဘသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို မေလ ၆ ရက်နေ့ကနေ မေလ ၁၂ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါတယ်။

မေ ၁၂ ရက်နေ့ မနက်နေ့က ပဲခူးမြို့ လိပ်ပြာကန်အနီးမှာ ပြုလုပ်ခဲ့ပြီး ဆိုင်ကယ် စည်းကမ်းတကျ စီးနင်းလာသူတွေကို ဆိုင်ကယ်ဦးထုပ်တွေ ဆုချီးမြှင့်တာတွေ၊ စတစ်ကာတွေကပ်တာနဲ့ လက်ကမ်းစာဆောင်တွေ ဖြန့်ဝေတာတွေလည်းပြုလုပ်ခဲ့ပါတယ်။ “အခုချိန်အထိတော့ ပြည်သူတွေဘက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေသလို ကြပ်မတ်တာတွေ အရေးယူတာတွေကလည်း ကြိုးကြား ကြိုးကြားပဲ လုပ်နေတဲ့အတွက် အများကြီး အားနည်းနေပါတယ်။ ပြည်သူတွေဘက်ကလည်း ယာဉ်စည်းကမ်းနဲ့ပတ်သက်ပြီး အသိပညာ အားနည်းနေတာကြောင့် အသိပညာတွေ ပေးပြီး နောက်ပိုင်းတွေတော့ ကြပ်ကြပ်မတ်မတ် အရေးယူဖို့လိုတယ်” လို့ ဝန်ကြီး ဦးသန်းဝင်းက ပြောပါတယ်။

ပဲခူးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်နန်းကော်ကော်မြင့်က “အဓိကအနေနဲ့ လူတွေ စည်းကမ်းလိုက်နာမှုက အဓိက ကျပါတယ်။ လမ်းပေါ်မှာ သွားလာနေတဲ့လူတိုင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေခြင်တဲ့ ရည်ရွယ်ချက်က အဓိက ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က ဒီစည်းကမ်းတွေကို အမှတ်တမဲ့လေးတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ယာဉ်တိုက်မှုတွေကြောင့် အသက်အန္တရယ် ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်နေပါတယ်” လို့ ပြောပါတယ်။ ပဲခူးတိုင်း ပဉ္စမအကြိမ်မြောက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုမှာ “မူးလျှင် မမောင်းနဲ့ မောင်းရင် မမူး နဲ့၊ ယာဉ်မောင်းနေစဉ် ထိုင်ခုံ ခါးပတ်ပတ်ပါ၊ ယာဉ်မောင်းနေစဉ် အရှိန်လျှော့မောင်းပါ၊ ဆိုင်ကယ်မောင်းလျှင် ဦးထုတ် မေးသိုင်းကြိုးတပ်ပြီးမှ မောင်းပါ” စတဲ့ လက်ကမ်းစာဆောင်ပေါင်း ၇၄၀၀၀ နဲ့ စတစ်ကာ ၄၂၆၀၀ တို့ကို တာဝန်ရှိသူတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။