မနေ့ကဖြစ်ပွားခဲ့တဲ့ MNA မြန်မာ့လေကြောင်းလိုင်း လေယာဉ်တစ်စီးရဲ့ မတော်တဆဖြစ်စဉ်တစ်ခုကတော့ ပြည်တွင်းပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ နိုင်ငံကျော်အနုပညာရှင်တွေလိုက်ပါစီးနင်းခဲ့တဲ့ လေယာဉ်တစ်စီးဖြစ်ပြီး ယာဉ်ပေါ်တွင် ခရီးသည်စုစုပေါင်း ၈၂ ယောက်အထိ လိုက်ပါခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ကတော့ မန္တလေးမြို့၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြေးလမ်းပေါ်မှာ လေယာဉ်ရှေ့ဘီး ချမရလို့ ခေါင်းစိုက်ပြီး အရေးပေါ် ရှပ်တိုက်ဆင်းသက်ခဲ့ရတာလည်းဖြစ်ပါတယ်။  

အဆိုပါ မြန်မာ အမျိုးသားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကို မနေ့ကညပိုင်းမှာ အမြန်ဆုံး ဖယ်ရှားမှုတွေပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။ ပြေးလမ်းပေါ် လေယာဉ်ရှိနေတုန်းမှာ အကန့်အသတ်နဲ့ လေယာဉ်အသေးတွေကို ဆင်းခွင့်ပေးခဲ့ပြီး လေကြောင်းခရီးစဉ်တချို့ကို ရွှေ့ဆိုင်းတာတွေ လုပ်ခဲ့ရပါတယ်။ ဝန်ထမ်း ၇ ဦးနဲ့ ခရီးသည် ၈၂ ဦး လိုက်ပါလာပြီး ရန်ကုန်ကနေ ပျံသန်းလာတဲ့ မြန်မာ အမျိုးသားလေကြောင်းလိုင်းက Embraer-190, XY-AGQ လေယာဉ် ခရီးစဉ်အမှတ် ယူဘီ (၁၀၃)ဟာ မနေ့မနက်က မန္တလေးလေဆိပ်ကိုအဆင်း ရှေ့ဘီးချမရလို့ ဆီကုန်အောင် ပတ်မောင်းပြီးမှ နောက်ဘီးတွေနဲ့ မှေးပြီးမှ ဦးစိုက်ဆင်းသက်ခဲ့ရတာပါ။ 

ဒီလိုဆင်းသက်ရာမှာ လေယာဉ်ဝမ်းဗိုက်က ပွတ်တိုက်ပြီး မီးတောက်တွေဖြစ်ခဲ့ပေမယ့် အားလုံး ဘေးကင်းခဲ့ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ သရုပ်ဆောင် နေမင်း အပါအဝင် တခြား သရုပ်ဆောင်တွေလည်း လိုက်ပါခဲ့ပြီး လေယာဉ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဆင်းသက်နိုင်တဲ့ လေယာဉ်မှူး ဦးမြတ်မိုးအောင်နဲ့ အဖွဲ့သားတွေ အားလုံးကို လူမှုကွန်ရက်စာမျက်နှာမှာ ချီးကျုးရေးသားထားပါတယ်။ ဒါ့အပြင် MNA လေကြောင်းလိုင်းကလည်း လေယာဉ်မှူးနဲ့ အဖွဲ့သား (၇)ယောက်စလုံးကို လေယာဉ်အရေးပေါ်အခြေအနေမှာ ဆုံးဖြတ်ချက် မှန်မှန်နဲ့ ဘေးကင်းအောင်လုပ်နိုင်တဲ့ အတွက် ကျေးဇူးတင် ဂုဏ်ပြုတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

Photos - DvB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။